၂၀၀၆ ခုနှစ်ကပါ။အဲဒီတုုန်းက ကျွန်တော် တောင်ကြီး TEO အဖြစ် တာဝန်ထမ်း ဆောင်နေစဉ်ကပေါ့။ JICA က CCA ဆွေးနွေးပွဲ တက်ရောက်ဖို့ အတွက် ဂျပန်နိုင်ငံ Sandai(ဆန်းဒိုင်မြို့)ကို သွားဖို့ အရွေးခံရတယ်။ အခြေခံပညာက (၃)ယောက်၊ စီမံလေ့ကျင့်က(၄)ယောက်၊ပညာရေးသုတေသနက(၃)ယောက် စုစုပေါင်း (၁၀) ယောက် ပေါ့။ အဲဒီတုန်းက ကျွန်တော်တို့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ အရေးယူဖို့ကိစ္စမှာ ဂျပန်နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်လို့ နိုင်ငံရေး အရ မကြည်မလင်ဖြစ်နေတဲ့ အချိန်ပေါ့။
ဂျပန် ကို မထွက်ခွါမီ နေပြည်တော် ပညာရေးဝန်ကြီးရုံးမှာ ဝန်ကြီးရဲ့ သြဝါဒ ခံယူရတယ်။ ဝန်ကြီးက ကျွန်တော်တို့ကို နိုင်ငံအတွက် ဘယ်လို လေ့လာ ခဲ့ရမယ်။ ဘယ်လိုဆွေးနွေးခဲ့ရမယ်။ဘာတွေ မမှားစေနဲ့။ဘာတွေ ရအောင်လေ့လာခဲ့၊ စသဖြင့်် မှာမယ်လို့ ကျွန်တော်တွေးထားတာ ။ ဒါပေမဲ့ ဝန်ကြီးက ကျွန်တော်တွေးတာ ထက် ပိုမိုနက်နဲတဲ့ အမှာစကားကို သြဝါဒ ချွေတဲ့အခါကျတော့ ကျွန်တော်တို့ အားလုံး အံ့သြရ၊ မင်တက်မိရနဲ့ပေါ့။ဝန်ကြီးမှာတဲ့ သြဝါဒစကားကတော့ “ဂျပန်ရောက်ရင် မင်းတို့ ဂျပန် တွေကို ငါတို့ ဗမာတွေက ကမ္ဘာကြေရင်တောင် ဥဒါန်းမကျေဘူး လို့ ပြောခဲ့ရမယ်” တဲ့ခင်ဗျ။
ဝန်ကြီးဆိုတော့လည်း ကျွန်တော်တို့တွေးမိတာထက် ပိုတွေးနိုင်တာပေါ့ ခင်ဗျာ။ကျွန်တော်တို့ ကျပြန်တော့လဲ JICA အစီအစဉ်နဲ့ သွားရမယ့်ခရီးစဉ်လဲဖြစ် တယ်။ကုန်ကျစရိတ်အားလုံးကို JICA ကထောက်ပံ့တယ်။နိုင်ငံတော်အနေနဲ့တော့ တစ် ယောက်ကို အမေရိကန်ဒေါ်လာ ၂၀၀ ဘိုး မြန်မာကျပ်ငွေ နဲ့ လဲလှယ်ခွင့်ပေးတယ်။ (အဲဒီတုန်းက တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၆ ကျပ် ၅၀ ပြား နှုန်းနဲ့ လဲလှယ်ခွင့် ပေး တာပါ)သူတို့ ထောက်ပံ့ငွေနဲ့ သွားရတာဖြစ်ပြီး သူတို့ကို ဝန်ကြီးမှာသလို ပြောခဲ့ဘို့ ဆိုတာကတော့ အမှန်အတိုင်းပြောရရင် မျက်နှာ ခပ်ပူပူဘဲ ခင်ဗျ။ဒါပေမဲ့ဒါ ပေမဲ့ပေါ့နော်
ကိုယ့်မိဘမှာတဲ့စကားဆိုတော့လည်း ဂျပန်နိုင်ငံက ပြန်လည်မထွက်ခွါမီ ကိုယ့်အဘမှာ တဲ့စကားကိုတော့ ပြောဖြစ်အောင်ကို ပြောပစ်ခဲ့မယ်လို့ မှတ်သားခဲ့ပါတယ်။ “အမေမှာတဲ့ ဆန်တစ်ခွဲ ကတော့ (၄)စိတ်နဲ့ ဘယ်လဲနိုင်ပါ့မလဲနော်။
xxxxxxxxxxxxxxxxxxxxxxx
“မင်းတို့ ဂျပန်တွေကို ငါတို့ ဗမာတွေက ကမ္ဘာကြေရင်တောင် ဥဒါန်းမကျေဘူးဟေ့”
xxxxxxxxxxxxxxxxxxxxxxx
ဂျပန်နိုင်ငံ ဆန်းဒိုင်မြို့ ပညာရေးတက္ကသိုလ်မှာ ဆွေးနွေးပွဲတက်ရတယ်။ မြို့တွင်းမှာ ရှိတဲ့ အခြေခံပညာကျောင်းတွေမှာ CCA သင်ကြားမှုတွေကို လေ့လာရ တယ်။ ဆန်းဒိုင်မြို့မှာ (၂)ပတ် ဆွေးနွေးပွဲတက်ပြီးမှ ပြန်ခဲ့ရတာပါ။
လေ့လာခဲ့ရတဲ့ ကျောင်းတွေထဲက အလယ်တန်းကျောင်းတစ်ကျောင်းမှာ သမိုင်းဘာသာရပ်ကို CCA ပုံစံ သင်ကြားမှုကို လေ့လာကြည့်ရှုခဲ့ရပီး ကျွန်တော်တို့ ဝန်ကြီး မှာလိုက်တဲ့ စကားဟာ ပြောစရာ မလိုတော့ပါလား လို့ နားလည်လိုက်ရတယ်။ မူလကတော့ ဘယ်အချိန် ပြောလိုက်ရမလဲ။ဘယ်နေရာပြောလိုက်ရမလဲ။ဘယ် ခေါင်းစဉ်ကို ဆွေးနွေးရင်း ထည့်ပြောလိုက်ရမလဲနဲ့၊ ပြောခွင့်ရဘို့ ဂျပန်ရောက်ကထဲက အခွင့်အရေးရမလား ချောင်း နေခဲ့တာပေါ့။သတ္တမတန်း သမိုင်း သင်ခန်းစာလေးကို သူတို့သင်တာ ငေးကြည့်နေရင်း သြော် ဟုတ်ပါ့လား။ သြော် ဟုတ်ပါ့လား လို့ဘဲ ------------
xxxxxxxxxxxxxxxxxxxxxxx
“ကဲ တပည့်တို့ ဒီနေ့ သမိုင်းသင်ခန်းစာကို သင်ဘို့ အတွက် မနေ့က မင်းတို့ မိဘတွေကို မေးခဲ့ကြလို့ ဆရာမှာလိုက်တာ မေးခဲ့ကြရဲ့လား”
သတ္တမတန်း ကျောင်းသားလေးတွေကို သူတို့ဆရာက မေးခွန်းစမေးပါ တယ်။ တပည့်တွေ အားလုံးက “ မေးခဲ့ကြပါတယ်ဆရာ ”လို့ သံပြိုင်ဖြေကြတယ်။
“ကဲ ဒါဖြင့်- ငါတို့ ဂျပန်နိုင်ငံဟာ တစ်ချိန်က တစ်ကမ္ဘာလုံးကို နေမဝင် အင်ပါယာအဖြစ် အုပ်ချုပ်ခဲ့ဘူးတာ အားလုံး သိကြပီး ဖြစ်မှာပေါ့။တစ်ကမ္ဘာလုံးကို ဘာ စနစ်နဲ့ အုပ်ချုပ်ခဲ့တယ် လို့ မင်းတို့ မိဘတွေက ပြောကြသလဲ။”
“ဖက်ဆစ် စနစ်နဲ့ အုပ်ချုပ်ခဲ့တာပါဆရာ” တပည့်အားလုံးက ၀ိုင်းအော်ကြတယ်။
“အေး - ငါတို့ဟာ တစ်ကမ္ဘာလုံးက လူမျိုးတွေကို ဖက်စစ်စနစ်နဲ့ အုပ်ချုပ်ခဲ့ကြတယ်။”
“ကဲ ဖက်ဆစ်စနစ်ဆိုတာ ဘယ်လို စနစ်မျိုးလဲ ဆိုတာ ဒီနေ့ ငါတို့ဆွေးနွေးကြမယ်”
“ကဲ တစ်ဖွဲ့ကို (၆)ယောက်စီ အုပ်စုဖွဲ့လိုက်ကြပါ။ အားလုံး အားလုံး”
စာသင်ခန်းလေးထဲ မှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ ရှေ့က သင်နေတဲ့ ဆရာကတစ်ယောက်၊နောက်က လိုအပ်တာကူညီဆောင်ရွက်ပေးမည့် ဆရာက တစ်ယောက်၊ Inclusive ကလေးတွေအတွက် မိဘက အထိန်းဆရာအဖြစ် ငှါးထည့် ပေးလိုက်တဲ့ ဆရာ တစ်ယောက်လည်း တွေ့ရတယ်။ကျောင်းသား ၂၄ ယောက်။ ဆရာ ၃ ယောက် အချိုးလောက်ရှိတာပေါ့။ကျွန်တော်တို့ ဆီနဲ့ နှိုင်းယှဉ်ကြည့်နိုင်အောင်လို့ လေ။
ကျောင်းသားလေးတွေဟာ ကိုယ့် တစ်ယောက်ထိုင်စာပွဲလေးတွေ ကိုယ် တွန်းပီး (၆)ယောက်စီ စုလိုက်ကြတော့ (၆)ယောက်ထိုင်စာပွဲဝိုင်းလေးတွေ ဖြစ်သွားတာ ပေါ့ဗျာ။သူတို့ စာရေးခုံလေးတွေမှာ အောက်က ဘီးလေးတွေနဲ့ ချက်ချင်းရွှေ့ ချက် ချင်းဝိုင်းဖွဲ့။ ချက်ချင်း ပြောကြဆိုကြ ဆွေးနွေးကြနဲ့ပေါ့။ ကျွန်တော်တို့ဆီက စာရေးခုံ တွေကတော့ မရ/ ချ ရ တာကလဲ အလေးကြီးလေ။တချို့ ကျောင်းတွေမှာ(အများစုက) ၄ ယောက်ထိုင်ခုံတွေကို ၅ ယောက်ထိုင်နေရတာ။အဲလိုသာ စာပွဲဝိုင်းဖွဲ့မယ်ဆိုရင် ထိုင် ခုံ ရွှေ့နေရတာနဲ့ဘဲ စာသင်ချိန် ကုန်သွားမှာပေါ့။ဒီတော့ ဗမာနည်း ဗမာဟန် သုံးပီး ထိုင်ခုံတွေကို တစ်စောင်း စီထားကြတယ်။ ခုံတွေ မျက်နှာချင်းဆိုင် တစ်စောင်းစီထားမှ CCA လို့ မှတ်ပီး သင်တော့ သမားရိုးကျ ဆရာဗဟိုပြုစနစ်က မပြောင်းလဲတတ်တော့ ကလေးတွေလဲ လည်လိမ်တာဘဲ အဖတ်တင်ကုန်တာပေါ့။ဘယ်သူ့ကို အပြစ်တင်ရပါ့။
“ ကဲ အုပ်စု(၁) စပြောကွာ၊ ဖက်ဆစ်စနစ်ဆိုတာ ဘယ်လိုအုပ်ချုပ်တဲ့ စနစ်လဲ”
ရှေ့ဆုံး စာပွဲဝိုင်းမှာ ထိုင်နေတဲ့ ကလေး(၆)ယောက်ထဲက ခေါင်းဆောင် တစ်ယောက်က ထရပ်လိုက်တယ်။ စုပေါင်းဆွေးနွေးထားတဲ့ အချက်တွေကို ထပြောတယ်။ ဆရာက သင်ပုန်းပေါ်မှာ မှတ်တမ်းတင်ပေးတယ်။ ဒီလိုနဲ့ အဖွဲ့(၂) အဖွဲ့(၃) အဖွဲ့(၄) တစ်ဖွဲ့ပီးတစ်ဖွဲ့ ထ ပြောကြတာ တကယ်စိတ်ဝင်စားဘို့ကောင်း တယ်။ဆရာကလည်း တစ်ဖွဲ့ချင်းပြောသမျှ သင်ပုန်းပေါ်မှာ အကုန်မှတ်တမ်းတင်ပေးပီး အဖွဲ့ စုံတဲ့ အခါကျတော့ ပြန်ဖတ်ပြတယ်။
“အေး မင်းတို့ (၄)ဖွဲ့ ထဆွေးနွေးကြတဲ့ ဖက်ဆစ်စနစ်နဲ့ အုပ်ချုပ်ပုံ အကြောင်းကို တူတာတွေစု မတူတာတွေ ခွဲ ပီး ဆရာဖတ်ပြမယ်။
ဖက်ဆစ်စနစ်ဆိုတာ-
၁။ အုပ်ချုပ်သူက ပြည်သူတွေကို ခေါင်းထောင်မကြည့်ရဲအောင် ဖိနှိပ် အုပ်ချုပ်တာ
၂။ ပြည်သူတွေ အပေါ် ရက်ရက်စက်စက် နှိပ်ကွပ် အုပ်ချုပ်တာ
၃။ လူ့အခွင့်အရေးတွေကိ်ု နည်းနည်းမှ ဦးစားမပေးဘဲ အုပ်ချုပ်သူအကြိုက် လိုက်
နာဆောင်ရွက်နေအောင် အုပ်ချုပ်သူကသာ သက်ဦးဆံပိုင်ဖြစ်နေအောင် ဘုရင်
စနစ်နှင့်မခြား အုပ်ချုပ်တာ။
၄။ လူကို လူလို့ မမြင်ဘဲ ကျေးကျွန်သဖွယ် သဘောထား အုပ်ချုပ်တာ
၅။ မကျေနပ်လို့ ဆန္ဒ ဖော်ထုတ်ရင်လည်း ဆူပူသူ၊ သောင်းကျန်းသူ၊သူပုန် ၊ အစိုးရ
ကို ပုန်ကန်သူ၊အာဏာသိမ်းမည့်သူ ၊နိုင်ငံတော်ကို အကြည်ညိုပျက်စေသူ စတဲ့ စွပ်စွဲချက်တွေနဲ့ ရက်ရက်စက်စက်နောင်ကြဉ်အောင် ညှင်းပမ်း နှိပ်စက် (လက်သည်းခွံခွါ၊ ခြေသလုံး ကို ဒလိမ့်လုံးနဲ့ကြိတ်ခြင်း မျိုးတွေ စုံလို့ ပေါ့ ၊နောင် မလုပ်ဝံ့ အောင်ပေါ့)အုပ်ချုပ်တာ။
၆။ အပြစ်မရှိလည်း အပြစ်ရှာ ဖမ်းဆီး ၊သတ်ဖြတ် ၊အဓမ္မကျင့်၊ ခေါင်းဖြတ်၊အရှင်
လတ်လတ် ဗိုက်ခွဲ၊ ခုတ်ထစ် ၊
၇။ ဥပဒေ ဆိုတာ သူတို့ ပါးစပ်ထဲမှာဘဲရှိပြီး ပြည်သူတွေကို ဥပဒေနဲ့ ဖြဲချောက်
အုပ်ချုပ်တာ။
၈။ သူတို့ အပြစ်ရယ်လို့ တစ်ခုမှ မရှိဘဲ ဘာဖြစ်ဖြစ် ပြည်သူတွေကိုဘဲ အပြစ်ရှာ
အပြစ်ပေး၊
၉။ သူတို့ အလိုကျ ချဉ်းကပ်နိုင်သူတွေကို ဂျပန်အလိုတော်ရှိ အဖြစ် တပည့်မွေး
သစ္စာဖောက်တွေကလည်း သူတို့ကို ဆရာတင် ကိုယ့်လူမျိုးအချင်းချင်း စိတ်ဝမ်း
ကွဲအောင် နည်းမျိုးစုံနဲ့ ဖန်တီး၊
သူတို့ကလေးတွေ ပြောပြနေတာကို ကျွန်တော်တို့ စကားပြန်က ပြန်ပြောပြနေတော့ နားထောင်နေရင်း ကြက်သီးထောင်ထမိပါရဲ့။ “အ မလေး” တနေရတယ်။သူတို့ ပြောသ မျှသာ ပြန်ရေးပြရရင် “ရက်စက်မှု အပေါင်း သရဖူ ဆောင်းတော့သည်”ဆိုတဲ့ ကိုတင်လှိုင် သီချင်းကို သတိရမိတယ်။
သူတို့ ဆရာက ကလေးတွေ ဆွေးနွေးထားသမျှ တစ်ခုမကျန် ပြန်ဖတ်ပြပီး မေးခွန်းတစ်ခု ထပ်မေးသဗျ။
“အေး မင်းတို့ မိဘတွေ ပြောလိုက်တဲ့ ဖက်ဆစ်စနစ်နဲ့ ဒိုတတွေ တစ်ချိန်က တစ်ကမ္ဘာလုံးကို အုပ်ချုပ်ခဲ့တယ် ဆိုရင် တစ်ကမ္ဘာလုံးက လူတိုင်း လူတိုင်းက ငါတို့ကို
မုန်းနေမလား၊ ချစ်နေမလား”
ဆရာလေးရဲ့ မေးခွန်းက ရည်ရွယ်ချက် မိအောင် မေးလိုက်ပီ လို့ ကျွန်တော် နား လည်လိုက်တယ်။
တပည့် အားလုံးကလည်း “တစ်ကမ္ဘာလုံးက လူသားတိုင်းက ကျွန်တော်တို့ ဂျပန်လူမျိုး ဆိုရင် မုန်းနေကြမှာပါ။ကမ္ဘာကြေတောင် အခဲကြေနိုင်မှာ မဟုတ်ပါဘူး”
ကလေးတွေ မညီမညာ အော်လိုက်တဲ့ အသံတွေနဲ့ ပွစိပွစိ ပြောနေကြတဲ့ အသံတွေ တစ်တန်းလုံးဆူညံသွားတယ်။ကလေး အများစုရဲ့ အသံတွေ ဟာ မကျေမနပ်နဲ့ အသံတွေ တုန်နေတယ်လို့ ခံစားရတယ်။
ကျွန်တော်တို့ကို ကျွန်တော်တို့ ဝန်ကြီးမှာလိုက်တဲ့ စကား ခေါင်းထဲရောက်လာ တယ်။ သြော် ငါ ပြောစရာတောင် မလိုပါလား။သူတို့ဟာ သူတို့ သိနေကြပါလား။ သိသမှ ငါတို့ မြန်မာ တစ်နိုင်ငံထဲက မကြေနပ်တာမဟုတ်ဖူး၊တစ်ကမ္ဘာလုံး လူသား အားလုံးက တောင် သူတို့ လူမျိုးကို မုန်းနေကြမှာပါလို့ သူတို့ သိနေကြတယ်လေ။
သူတို့မျက်နှာလေးတွေ လှမ်းကြည့်မိတော့ အားငယ်တဲ့၊ ဝမ်းနည်းတဲ့၊ သိမ်ငယ် တဲ့၊ ယုံကြည်မှု လျော့နည်းနေတဲ့ မျက်လုံးလေးတွေကို အထင်းသား မြင်ရတယ်။
“ငါ့ အဘ မှာလိုက်တာ ငါ ပြောစရာမလိုတော့ဘူး။ သူတို့သိနေပီ” လို့ တွေးပီး ကျွန်တော်သာ ဒီအတန်းထဲကဆရာဆိုရင်ဒီနေရာမှာတင် နိဂုံးချုပ်မယ်ထင်ထားတာ ပေါ့။
ဒါပေမဲ့ ကျွန်တော် ထင်သလိုမဟုတ်ဖူး။
ဂျပန်ဆရာလေးထံမှ အသံတစ်သံထွက်လာတော့ တပည့်အားလုံး ငြိမ်ကျ သွား ကြတယ်။ ဆရာလေးက-
“ အေး မင်းတို့ အားလုံး သိကြပီ၊ တစ်ကမ္ဘာလုံးက လူသားတိုင်းက ငါတို့လူမျိုးဆို ရင် ချေးထက်ရွံ နေလိမ့်မယ်ဆိုတာ အားလုံး သိသွားကြပီ။ အေး သိနေယုံနဲ့ ဒို့ ရပ်နေ လို့ မဖြစ်ဖူး။ တစ်ကမ္ဘာလုံး က ဒို့ အပေါ် တင်နေတဲ့ အမုန်းတရားတွေ ပြေသွားအောင် ဒို့ကို ချစ်ခင်စရာကောင်းတဲ့ လေးစားစရာကောင်းတဲ့ ဂုဏ်ယူစရာကောင်းတဲ့ အတုယူစ ရာကောင်းတဲ့ လူမျိုးပါလားလို့ သိလာအောင် ငါတို့ ဘယ်လို နေကြ ထိုင်ကြမလဲ ဆိုတာ မင်းတို့ အခုဖွဲ့ ထားတဲက အုပ်စု(၄) စုဆွေးနွေးကြမယ်။အချိန် (၅)မိနစ် -ကဲ စဉ်းစားကြ”
ဆရာလေးရဲ့ စကားအဆုံးမှာ ကလေး(၆)ယောက်စီဖွဲ့ထားတဲ့ အဖွဲ့ (၄)ဖွဲ့ ဟာ ခေါင်းချင်းဆိုင်ပီး ဆွေးနွေးကြ၊ငြင်းခုံကြနဲ့ တစ်တန်းလုံး ဆူညံသွားတယ်။ (ကျွန်တော်တို့ ဆီမှာ CCA လုပ်မရတာ အဲဒါလဲ အခက်အခဲတစ်ခုပေါ့။ ဒီဘက်အတန်း ကဆူနေရင် ဟိုဘက်အတန်းက စာသင်လို့ မရတော့ဘူး။) ခဏနေတော့ တစ်တန်းလုံး ငြိမ်သွားပီး ခေါင်းဆောင်လုပ်တဲ့ ကလေးက စာရွက်တစ်ရွက်နဲ့ ကုန်းရေး။ ဘေးက ကလေးတွေက သူတို့ တွေးမိသမျှ ၀ိုင်းဆွေးနွေးနဲ့ တစ်ကမ္ဘာလုံးက၊ လူသား တိုင်းက ချစ်ခင်လာအောင် သူတို့ ဘယ်လို နေမယ် ထိုင်မယ် ဆိုတာ ချရေးနေကြလေ ရဲ့။ အော် ကိုယ့် ဥပဒေကို ကလေးဘဝကထဲက ကိုယ်တိုင် ရေးဆွဲ နေကြပီ လို့ ခံစား လိုက်မိတယ်။
“ကဲ အဖြေရကြပီလား” “အဖွဲ့ (၁) စပြောမယ်ဟေ့” ဆရာလေးရဲ့ သိမ်မွေ့တဲ့ အသံ ကြားလိုက်ရမှ ကျွန်တော့်အတွေးတွေ ပြန်စုစည်းမိတယ်။ကလေးအားလုံးရဲ့ အဖြေ တွေဟာ အမျိုးမျိုးပါဘဲ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူကြပေမဲ့ တစ်ဖွဲ့မှ မှားတဲ့ အဖြေ မပါဘူး။အားလုံး အမှန်တွေချည်း။(ကျွန်တော်တို့ဆီမှာ လို ကျက်ထားတာ ပြန်ပြောကြ တာ၊ပြန်ရေးကြရတာ မဟုတ်တော့ ဘယ်တူပါ့မလဲ။တစ်ယောက်တစ်မျိုး ထွက်လာတဲ့ အဖြေတွေလေ။ ဒါပေမဲ့ အားလုံး အမှန်တွေချည်းပါ့။ )ကျွန်တော့်ရင်ထဲမှာ သြော်------ CCA ဆိုတဲ့ အရသာကို တစ်စိမ့်စိမ့်ခံစားရင်း သူတို့လေးတွေ ရဲ့ အတွေးတွေကို အံ့သြ နေမိတယ်။သြော် တွေးတတ်ကြပါပေ့။ ပြောတတ်ကြပါပေ့။ ဆင်ခြင်တတ်ကြပါပေ့ သူတို့ လွတ်လွတ်လပ်လပ် တွေးခွင့် ပြောခွင့် တင်ပြခွင့် တွေ ရနေကြတာကိုး ။ ဒီလောက်တော့ရှိမှာပေါ့လို့ ငေးကြည့်နေမိတယ်။
သူတို့ ပြောတာတွေက စောစောက ဖက်ဆစ်စနစ်ရဲ့ ပြောင်းပြန်။လုံးဝပြောင်း ပြန်။ လူအချင်းချင်းစာနာတတ်ဖို့လဲပါရဲ့။ သတ္တဝါအချင်းချင်း သနားတတ်ဖို့လည်းပါရဲ့ လူ့အခွင့်အရေးဆိုတာကို နားလည်လိုက်နာဖို့ ဆိုတာလည်းပါရဲ့။စည်းကမ်းရှိဖို့ ဆိုတာလည်း ပါရဲ့။ အထူးအဆန်းတစ်ခု ကျွန်တော် မှတ်မိလိုက်တယ်။ ဘာတဲ့ ကိုယ် တစ်ခုခု လုပ်တော့မယ်၊ပြောတော့မယ် ဆိုရင် သူတစ်ပါး မထိခိုက်စေဖို့၊သူတစ်ပါးရဲ့ အခွင့်အရေး ကို အလေးထားဖို့၊ကိုယ့် တစ်ကိုယ်ထဲ ကောင်းစားရေးဘဲကြည့်ပီး တစ်ကိုယ်ကောင်းမဆန်ဘို့ ။ ကျွန်တော်တို့ ဗမာလိုပြောရင်တော့ ဗြဟ္မာစိုရ် တရား(၄) ပါးနဲ့ အညီ နေကြ ထိုင်ကြဘို့ လို့ ပြောနေကြသလိုပါဘဲ။သတ်မှတ်ထားတဲ့ ဥပဒေတွေကိုလဲ လူတိုင်းလိုက်နာကြဘို့။(သူတို့ပြောနေတာနားထောင်ရင်း အရင်နေ့ က ဆန်းဒိုင်မြို့ထဲ လျှောက်လည်ရင်း တွေ့ခဲ့ မြင်ခဲ့ ရတာတွေကို ပြန်တွေးနေမိတယ်)
ဘတ်(စ)ကားစီးစီး၊မြေအောက်ရထား စီးစီး အားလုံးတန်းစီစောင့်ပီးနေရာယူကြရသဗျ ။ ကျွန်တော်တို့ ဆီမှာလို တိုးခွေ့ မတက်ကြဘူး။ VIP ရယ်လို့လည်း ဦးစားပေးစရာမလိုဘူး။VIP လိုက် မှာမို့ ရထားကြီးက ရပ်စောင့်ပေးနေတာမျိုးလည်း မရှိဘူး။အံ့ရော အံ့ရော။ ကျွန်တော် တို့ဆီမှာတော့ -------------- --မပြောတော့ဘူး။ မြေအောက်ဘူတာရုံတစ်ခုမှာ စက်လှေခါးစီးကြတော့ အားလုံး ဘယ်ဘက်လက်ရမ်းကို ကိုင်ပီး ဘယ်ဘက်ကပ်စီးကြတယ်။ကျွန်တော်တို့ (၁၀)ယောက်ကတော့ ရပ်ချင်တဲ့ နေရာရပ်ပီး စီးချင်သလို စီးကြလို့ တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပီး သတိပေးရတာ ခဏခနပေါ့။အရေးမကြီးတဲ့လူတွေက စက် လှေခါး ရွေ့တဲ့အတိုင်း ရွေ့လိုက်သွားရုံဘဲ။ ဘယ်ဘက်ကပ်စီးကြတယ်။ အရေးကြီးတဲ့ သူကျတော့ စက်လှေခါး ရွေ့နေတဲ့ အတိုင်း သူလိုက်နေရင် သူစီးရမည့် ရထားက မီတော့မှာမဟုတ်လို့ စက်လှေခါးပေါ်ကို အပြေးတက်သွားတယ်။ဒီလို အရေးကြီးတဲ့ သူ တွေ အပြေးတက်ဖို့ အတွက် စက်လှေခါးရဲ့ ညာဘက်ခြမ်းကို လမ်းချန်ပေးထားပီး အများစုက ဘယ်ဘက် ကပ်စီးကြတယ်လေ။အံ့ရော အံ့ရော။ဒီလိုစိတ်ဓာတ်မျိုးတွေ ကို ဒီစာသင်ခန်းတွေက ဒီလိုတွေးတတ်အောင် ဒီလိုညှာတာတတ်အောင် ဒီလိုရင်ထဲမှာ ခံစားတတ်တဲ့အထိ သင်ပေးနေတာပါလား။ကိုယ့် အတွက် ချည်း မစဉ်းစားဘဲ သူတို့ တတွေ သူများအတွက်လည်း ထည့် ထည့် စဉ်းစားတတ်အောင် သင်ပေးနေတာ ဒီလို စာသင် ခန်းမျိုးတွေပါလားလို့ တွေးနေမိတယ်။
ဆရာလေးရဲ့ အသံ ပြန်ကြားရလို့ အတွေးတွေ ရပ်သွားပြီး စာသင်နေတာ အာရုံ ပြန်စုမိတယ်။
“ကဲ တပည့်တို့ မင်းတို့ ပြောတာတွေ အားလုံးမှန်တယ်။အားလုံးကောင်းတယ်
မင်းတို့ပြောသလိုသာ နေနိုင်မယ်ဆိုရင် တစ်ကမ္ဘာလုံးက လူသားအားလုံးဟာ ငါတို့ လူမျိုးကို ပြန်ချစ်ခင်လာကြမှာ အမှန်ပေါ့ကွာ။ငါတို့ တစ်ချိန်က ကျူးလွန်ခဲ့မိတာတွေလဲ သူတို့ တဖြည်းဖြည်း ခွင့်လွှတ်နိုင်လာကြမှာ အမှန်ပါဘဲ”
ဆရာလေးက သူ့သင်ခန်းစာကို ဒီမှာ နိဂုံးချုပ်တော့မယ်လို့ ဒုတိယအကြိမ် ကျွန် တော် ထပ်တွေးမိပြန်သည်။သို့သော် ဆရာလေးထံက မေးခွန်းတစ်ခု ထပ်ထွက်လာ သောအခါ ကျွန်တော် အံ့သြရပြန်ပါသည်။
“အေး မင်းတို့ကတော့ ဖက်ဆစ်စနစ်ရဲ့ ဆိုးဝါးတဲ့ အနိဋ္ဌာရုံတွေအကြောင်း မင်းတို့ မိဘတွေဆီက တဆင့် သိခဲ့ကြပီ။ဒါကြောင့်လည်း တစ်ကမ္ဘာလုံးက လူသား အားလုံးက ငါတို့ လူမျိုးကို ရွံမုန်းနေကြမယ်၊ မကြေမနပ်ဖြစ်နေကြမယ်။အခွင့်သာရင် လက်စားချေချင်နေကြမယ် ဆိုတာ မင်းတို့ ကိုယ်ချင်းစာတတ်နေကြပီ။ ဒါကြောင့် တစ်ကမ္ဘာလုံးက လူသားအားလုံးက ချစ်ခင်တဲ့၊လေးစားတဲ့၊အထင်ကြီးတဲ့၊ဂုဏ်ယူနိုင်တဲ့ လူမျိုးတစ်မျိုးအဖြစ် ပြန်လည်ရပ်တည် နိုင်အောင် ဘယ်လို နေကြ ထိုင်ကြမယ် ဆိုတာ မင်းတို့ ကိုယ်တိုင် ဆုံးဖြတ်ပီးကြပြီ။ ”
ဆရာလေးက သူ့စကားကို ခေတ္တ ရပ်လိုက်ပီး သူ့တပည့်တွေရဲ့ တစ်ဦးချင်းစီရဲ့ မျက်လုံးလေးတွေကို လိုက်ကြည့်နေတာ တွေ့ရတယ်။ကလေးတွေရဲ့ မျက်လုံးလေး တွေကလည်း စောစောကမျက်လုံးမျိုး မဟုတ်တော့။အရောင်လေးတွေ လင်းလက်နေ ကြတယ်။ယုံကြည်မှု အပြည့်ရှိလာတဲ့ မျက်လုံးမျိုး၊ ငါတို့ ဖြစ်အောင်လုပ်မယ် ဆိုတဲ့ ခံစားချက်အပြည့် နေရာယူနေတဲ့ မျက်လုံးမျိုးတွေ တွေ့ရတယ်။
“ အေး မင်းတို့ ပြောသလို မင်းတို့ နေကြတာတော့ ဟုတ်ပါရဲ့ကွာ၊ ဒါပေမဲ့ မင်း တို့ အဲဒီလို စိတ်ဓာတ်တွေရော နေပုံထိုင်ပုံတွေရော၊အရင်ကလိုမဟုတ်တော့ဘူး၊အရင် ကလို မရိုင်းတော့ဘူး၊အရင်ကလို မကြမ်းတမ်းတော့ဘူး။ပြောင်းလဲသွားပီ။တကယ် ယဉ် ကျေးတဲ့။စာနာတတ်တဲ့။ ကူညီယိုင်းပင်းတတ်တဲ့။ သနားညှာတာတတ်တဲ့ တကယ်ချစ်ခင် စရာကောင်းတဲ့ လူမျိုးတွေ ဖြစ်သွားပီလို့။ဒို့ရဲ့ အနေအထိုင်တွေ စိတ်ဓာတ်တွေ ပြောင်းလဲသွားပီလို့ တစ်ကမ္ဘာလုံးက မသိရင်--------------
ဆရာလေးက သူ့စကားကို ခေတ္တ ရပ်ထားလိုက်ပီး တပည့်လေးတွေကို ခြုံကြည် လိုက်တယ်။
“ဒို့ အပေါ်တင်နေတဲ့ အမုန်းတရားတွေ ကျေပျက်နိုင်ပါ့မလား။နေရင်းထိုင်ရင်း အကောင်းမြင်လာနိုင်ပါ့မလား။ ဒို့ရဲ့ အမူ အကျင့်တွေ ပြောင်းလဲသွားပီ။ချစ်စရာ ခင်စရာ အားကိုးထိုက်တဲ့ လူမျိုးတစ်မျိုးအဖြစ် ပြောင်းလဲသွားပီလို့ တစ်ကမ္ဘာလုံးက၊ လူသားအားလုံးက သိလာအောင် ဒို့ ဘာတွေလုပ်ကြရင် ကောင်းမလဲ ------
ကဲ- အုပ်စုလိုက် နောက်ဆုံး ဆွေးနွေးကြရအောင်”
အုပ်စု(၄)ခု တစ်ယောက်နှင့်တစ်ယောက် ပြောကြ၊ငြင်းကြနဲ့ တစ်တန်းလုံး ဆူညံ လာပြန်တယ်။ပြီးတော့မှ အုပ်စုတစ်စုချင်း ထပြောကြတယ်။
ချို့တဲ့သည့် နိုင်ငံငယ်လေးများကို တတ်နိုင်သည့်ဘက်မှ ကူညီယိုင်းပင်းမည်။
ပညာရေးအကူအညီတွေပေးမည်။အသိဉာဏ်တွေ မြင့်မားလာအောင် ဖွံ့ဖြိုးလာအောင် ကူညီ မည်။
ကျောင်းတွေ ဆောက်လုပ်လှူဒါန်းမည်။
အလှူငွေတွေ ထောက်ပံ့နိုင်ဘို့ အတွက် မိမိတို့ မုန့်ဖိုးရသည့်ငွေမှ ၁၀% စုမည်။
ဖောင်ဒေးရှင်းတွေ ထူထောင်မည်။
ပညာရေး၊ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ တစ်ကမ္ဘာလုံးအနှံ့ စီမံချက်များချ မှတ် ဆောင်ရွက်နိုင်အောင် စဉ်းစားကြ ဆောင်ရွက်ကြမည်။
ဂျပန်နိုင်ငံက ပြုလုပ်သည့် Made in Japan ပစ္စည်းမှန်လျှင် ယုံကြည်စိတ်ချရတယ်လို့ အသိအမှတ်ပြုလာအောင် အရည်အသွေးမြှင့်တင် ဆောင်ရွက်မည်။
စသည်ဖြင့် တစ်ယောက် တစ်ပေါက် ဆွေးနွေးကြတာတွေ့ရတယ်။
အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ JICA PROJECT တွေနဲ့ သင်ထောက်ကူ ပစ္စည်းတွေ သင်ကြားနည်းတွေ ကျောင်းတွေ အတွက် အမျိုးမျိုးသောကူညီမှုတွေ။ မင်္ဂလာပါဖောင်ဒေးရှင်း အနေနဲ့ ကျောင်းဆောင်တွေ ၊ဆေးရုံ ဆေးခန်း ဆောက်လုပ်လျှူဒါန်းမှု တွေ တွေ့ နေရပါပြီ။
သြော် ဂျပန်ကျောင်းသား ကလေးငယ်တွေရဲ့ အတွေးတွေက အကောင်အထည် ပေါ်လာခဲ့ပြီဘဲ။
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေလို့ ငါ ပြောခဲ့လို့ ဖြစ်ပါတော့မလား
xxxxxxxxxxxxxxxxxxxxxxxxxxxxx
“ကျွန်တော့်ကို ခွင့်လွှတ်ပါ အဘရယ်။ကျွန်တော် ပြောမထွက်ခဲ့ ပါဘူး။
သူတို့ကိုယ်သူတို့ သိနေကြတယ်လေ။သူတို့ကိုယ်သူတို့ ပြင်နေကြတယ်လေ။
ပြန်မပြင်နိုင်ဘဲ စိတ်ဓာတ်တွေ ပျက်သည်ထက် ပျက်နေတာကတော့-----------
————————————————————————————-
Post By: B.Ed. လှသိန်း
Source: B.Ed. Lah Tein
Share By: Zo Sangpy
No comments:
Post a Comment
ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/
ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်