ချင်းမျိုးချစ်ခေါင်းဆောင် ဦးဝမ္မသူးမောင်း |
မောင်မောင်ကျော့(ပလက်ဝ)
ချင်းအမျိုးသားတို့သည် အောက်ချင်းငှက်တည်းဟူသော သစ္စာငှက်၏ စံနမူနာကိုယူပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာစောင့်သိကြသူများပင်ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်နှင့် သူရသတ္တိပြောင်မြောက်ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းတွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် စွမ်းဆောင်ခဲ့ကြသည်။ ဦးဝမ္မသူးမောင်းမှာ ထင်ရှားသော ချင်းမျိုးချစ် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
ဦးဝမ္မသူးမောင်း၏ ငယ်ဘဝ
ဦးဝမ္မသူးမောင်းသည် ချင်းတောင်မှာမွေး၊ ချင်းတောင် သွေးမို့၊ ချင်း၏ဝန်းကျင်၊ ချင်းတို့အလယ်တွင် ဘဝကို ကြမ်းတမ်းစွာ ကျင်လည်ခဲ့ရသူတစ်ဦးဖြစ်သည်။
ဦးဝမ္မသူးမောင်းသည် မင်းတပ်မြို့နယ် ဝမ္မသူးရွာတွင် မွေးဖွားခဲ့သူတစ်ဦးဖြစ်သည်။ ဖခင်အမည်မှာ ဦးထန်းပက် ဖြစ်သည်။ မင်းတပ်ချင်း(ချိုးချင်း၊ မွှင်းချင်း)တို့ ဓလေ့တွင် ဖခင်အမည်အား ရှေ့တွင်ထား၍ အမည်မှည့်လေ့ရှိသည်။ ထို့ကြောင့် ဦးဝမ္မသူးမောင်း၏အမည်မှာ ထန်းပက်မောင်း ဖြစ်လေသည်။
ထန်းပက်မောင်းသည် တောတောင်မှီ၍ ကြီးပြင်းလာ ရသူတစ်ဦးပီပီ ငယ်ရွယ်စဉ်ကပင် ချင်းဓလေ့ဖြစ်သည့် ငါးဖမ်း၊ ငှက်ထောင်စသည်တို့ကို ဝါသနာသန်ခဲ့သည်။ ဆယ်နှစ်ခန့်အရွယ်တွင် သူ့အပေါင်းအဖော်များနှင့်အတူ တစ်တောင်တက် တစ်တောင်ဆင်းဖြင့် ညောင်စေးထောင်း ကြသည်။ ညောင်စေးဖြင့်ငှက်ထောင်ကြရင်း လုပ်ရဲရွာသို့ ရောက်သွားကြသည်။ ထိုအချိန်က လုပ်ရဲရွာနှင့် ဝမ္မသူးရွာ တို့သည် တစ်ရွာနှင့်တစ်ရွာ ချောင်းမြောင်းတိုက်ခိုက်နေကြ သောအချိန်ဖြစ်သည်။
လုပ်ရဲရွာသို့ရောက်စဉ် ထိုရွာတွင် အိမ်ထောင်ကျနေ သော ဦးဝမ္မသူးမောင်း၏ အရီးဖြစ်သူနှင့် ဦးစွာတွေ့၍ တော်သေးသည်။ ယောကျ်ားတစ်ဦးဦးနှင့် ဦးစွာတွေ့ခဲ့လျှင် အသတ်ခံရမည်ဖြစ်သည်။ သူ့အရီးသည် ထန်းပက်မောင်း နှင့် သူ့သူငယ်ချင်းတို့ကို အိမ်နောက်ဖေးချောင်တွင် ပုတ်ကြီးဖြင့်အုပ်၍ ထမင်းနှင့်ခေါင်ရည်တို့ကို တိုက်ကျွေးပြီး အခြေအနေကြည့်ကာ တောသို့ အမြန်ပြန်ရန်လည်း မှာခဲ့ရသည်။
ထန်းပက်မောင်းသည် ငယ်ရွယ်စဉ်ကပင် မဟုတ်မခံ စိတ်ရှိသူဖြစ်သည်။ သူ၏ မဟုတ်မခံစိတ်ရှိခဲ့ပုံကို ပြောပြ ရမည်ဆိုပါလျှင် ဝမ္မသူးရွာမှ သူငယ်ချင်းလူရွယ်တစ်ဦးသည် အလွန်ကျီစားသန်၏။ “ဆင်ကျီစားရာ ဆိတ်မခံသာ” ဆိုသကဲ့သို့ သူ၏ကျီစားမှုများကို ကလေးသူငယ်များ မခံ မရပ်နိုင်ကြပေ။ ထို့ကြောင့် တစ်နေ့သော် တစ်ဖက်တောင် ယာမှ ထိုလူရွယ်ပြေးလာသည်ကိုမြင်သော ထန်းပက်မောင်း သည် လမ်းခုလပ် လမ်းတစ်ဖက်တစ်ချက်တွင် ဆပ်နီပင် များကို လမ်းတွင်ပူးချည်ထားသည်။ လူရွယ်ထိုနေရာသို့ ရောက်သောအခါ ဆပ်နီပင်များ ဖုံးလွှမ်းနေသဖြင့် မှန်း၍ ပြေးနေရသည်။ ထိုစဉ် သူချည်ထားသော ဆပ်နီပင်တွင် ခလုတ်တိုက်လဲကျခဲ့လေသည်။
မင်းတပ်ကျောင်းတွင် နေစဉ်ကလည်း သူ၏ခြေ ထောက်တွင် ဝဲပေါက်သည်ကို ကျောင်းသားကြီးတစ်ဦးက သွေးထွက်သံယိုအနာတရဖြစ်အောင် ပြုလုပ်သည်။ ထိုသို့ ပြုလုပ်သည်ကို ထန်းပက်မောင်း မကျေမချမ်းဖြစ်နေသည်။ သို့နှင့် မိမိထက်ကြီးသော ကျောင်းသားကြီးကိုပင် နည်းပရိယာယ်သုံး၍ချေပခဲ့သည်။ ဤသို့ပြုလုပ်မှုတို့သည် ငယ်ရွယ်စဉ်ကပင် မဟုတ်မခံစိတ် ရှိသူဖြစ်ကြောင်း ပေါ်လွင် စေသည်။
ဦးဝမ္မသူးမောင်းဟု အမည်ပေးပြောင်းလဲခဲ့ပုံ
ထန်းပက်မောင်းသည် တောင်တက်ရွာ ဘုန်းကြီး ကျောင်းမှ သတ္တမတန်းအောင်သည်။ ထိုစဉ်က ပခုက္ကူ နယ်လှည့်ဆရာများက သင်ကြားပေးခြင်းဖြစ်သည်။ ထိုဘုန်းကြီးကျောင်းတွင်ပင် ဗုဒ္ဓဘာသာစာပေကို သင်ခဲ့ သည်။ ကိုရင်လည်းဝတ်ခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ကိုရင်မှ လူထွက်၍ စစ်တပ်ထဲဝင်သည်။ စစ်တပ်ထဲသို့ဝင်သောအခါ အမည်တစ်မျိုးပြောင်းသွားလေသည်။
အင်္ဂလိပ်တို့သည် စစ်တပ်ထဲတွင် အမည်တူများမရှိရ လေအောင် ရက်လောင်းရွာမှဆိုလျှင် “ရက်လောင်းလိန်း”၊ ဟဲဘုံရွာမှဆိုလျှင် “ဟဲဘုံထန်း” ဟူ၍ စာရင်းသွင်းကြလေ သည်။ ထို့ကြောင့် ထန်းပက်မောင်းမှာလည်း စစ်တပ်ထဲ ဝင်သောအခါ ဝမ္မသူးရွာသားဖြစ်၍ “ဝမ္မသူးမောင်း”ဟု စာရင်းရေးသွင်းရာမှ ဦးဝမ္မသူးမောင်းဟူ၍ အမည်တွင်ခဲ့ရသူ ဖြစ်ပေသည်။
ဦးဝမ္မသူးမောင်း၏ နယ်ချဲ့လက်အောက်ခံစစ်သားဘဝ
ဦးဝမ္မသူးမောင်းသည် နယ်ချဲ့လက်အောက်တွင် စစ်သားဘဝဖြင့် တာဝန်ထမ်းဆောင်ရင်း ပထမကမ္ဘာစစ် ကြီး၌ ဂျာမနီစစ်မြေပြင်တွင် ပါဝင်ဆင်နွှဲရန် သင်္ဘောဖြင့် ထွက်ခဲ့ရသည်။ အိန္ဒိယပြည် ဝါတန်သြပစ်မြို့သို့ အရောက် တွင် စစ်ကြီးပြီးသွားသဖြင့် ပြန်လှည့်လာခဲ့ရသည်။ ထို့နောက် အိန္ဒိယပြည်၌ မာလဘာသူပုန်နှင့် ကူကီးသူပုန်များ ထကြွ နေသည်ကို သွားရောက်နှိမ်နင်းခဲ့ရသည်။ ရန်သူကတုတ် ကျင်းသို့တိုင် ချဉ်းကပ်၍ ရန်သူများသေကျေအောင် ရဲဝံ့စွန့် စားစွာ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ဆုတံဆိပ်များစွာ ရရှိခဲ့သည်။ ဂျာမေဒါ၊ ဆူပဒါ ရာထူးအဆင့် ဆင့်သို့လည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။
အင်္ဂလိပ်စစ်တပ်တွင် တာဝန်ထမ်းဆောင်ချိန်သည် မြန်မာနိုင်ငံ နယ်ချဲ့လက်အောက် ကျရောက်နေချိန်ဖြစ်သည်။ အင်္ဂလိပ်စစ်ဗိုလ်များသည် ချင်းစစ်သားများကို စစ်မျက်နှာပြင်တွင် ရှေ့တန်း၌ အမြဲထားပြီး အသုံးချကြသည်။ သူတို့ကမူ ဘေးကင်းရာနောက်ကွယ်မှ အမိန့်ပေး တတ်သည်။ အင်္ဂလိပ်စစ်ဗိုလ်များအတွက်မူ သားနားသော စစ်ဝတ်စုံများ သတ်မှတ်ဝတ်ဆင်စေသည်။ တိုင်းရင်းသား စစ်ဗိုလ်များမှာ ခပ်ညံ့ညံ့စစ်ဝတ်စုံကိုသာ ဝတ်ရသည်။ စားရိပ်သာတို့တွင် တိုင်းရင်းသားစစ်ဗိုလ်အားလုံးဝင်ခွင့် မပြု၊ သူတို့အလိုကျ စစ်ဗိုလ်အချို့ကိုသာ ဝင်ခွင့်ပြုသည်။ ဤသို့နယ်ချဲ့တို့၏ အတွင်းစိတ်သန္တာန်ကို လက်တွေ့နယ် ပယ်အနေဖြင့် တွေ့ထိသိရှိသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် မျက်နှာဖြူစစ်ဗိုလ်များကို မကျေမနပ်ဖြစ်ကာ မခံချင်စိတ် ပြင်းပြခဲ့သူဖြစ်ပေသည်။
တစ်နေ့တွင် ဦးဝမ္မသူးမောင်းသည် မျက်နှာဖြူအရာရှိ ဝတ်စုံကိုချုပ်၍ ဝတ်ဆင်ပြီးရုံးတက်လာသည်။ အင်္ဂလိပ် စစ်ဗိုလ်များက သူ့ကိုအကြီးအကျယ် ဆူပူကြိမ်းမောင်းကာ ချက်ချင်းပြန်ချွတ်ခိုင်းသည်။ ထိုသို့အရွဲ့တိုက်ပြီး ကျေနပ် သောအခါ ပြုံးစိစိဖြင့် ဝတ်စုံကိုပြန်ချွတ်သည်။ ထိုဝတ်စုံကို အင်္ဂလိပ်စစ်ဗိုလ်စားပွဲပေါ်တွင် ဖုံးထားခဲ့လေသည်။ အင်္ဂလိပ် စစ်ဗိုလ်က “ချွတ်ရင်ပြီးတာပဲ၊ ပြန်ယူသွား”ဟု ပြောသော်လည်း လှည့်တောင်မကြည့်ဘဲ လာလမ်းအတိုင်း ပြန်ထွက် သွားလေသည်။
မျိုးချစ်စိတ်ဓာတ်အခြေခံကောင်းများ တည်ဆောက်ခြင်း
ဦးဝမ္မသူးမောင်း၏ မျိုးချစ်စိတ်ဓာတ်အခြေခံကောင်းများ တည်ဆောက်ခဲ့သည်ကို ပေါ်လွင်စေသည့် အချက်အချို့မှာ ဦးဝမ္မသူးမောင်းကိုယ်တိုင် သီကုံးခဲ့သော ချိုးချင်းတေး ကဗျာတစ်ပုဒ်ပါ ဒေါ်လိန်းဂေခေါတီးနှင့် ထိမ်းမြားပြီးနောက် မွေးဖွားလာသော သားယောကျ်ားလေးကို အမြတ်တနိုးဖြင့် “မောင်ဘဖေ”ဟု အမည်မှည့်ခေါ်စေခဲ့ခြင်းမှာလည်း တစ်ခု အပါအဝင်ဖြစ်ပေသည်။
ထိုသို့မှည့်ခေါ်စေခြင်းမှာ သူကြည်ညိုလေးစားသူ လည်းဖြစ်၊ ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ တောင်းဆိုချက် များကို ဘုရင်ခံနှင့် ဥပဒေပြုလွှတ်တော်သို့ တင်ပေးခဲ့သူဖြစ် သော ထိုစဉ်က အမျိုးသားခေါင်းဆောင်ကြီး ဦးဘဖေ (ဖေ၊ ပု၊ ရှိန်)အမည်ကို ယူခဲ့ခြင်းဖြစ်သည်။ ချိုးချင်းတို့၏ အမည်မှည့်ခေါ်ပုံတွင်မူ ယောကျ်ားလေးကို “ဖေ” ဆိုသော စကားလုံးဖြင့် မှည့်ခေါ်သည့်ဓလေ့နှင့်လည်း ကိုက်ညီအောင် မှည့်ခြင်းဖြစ်သည်။ ထိုသို့မှည့်ခေါ်ခဲ့မှုကို ဒေါ်လိန်းဂေခေါတီး က ချိုးချင်းရိုးရာတေးကဗျာတစ်ပုဒ်တွင် ချိုးချင်းဘာသာ စကားဖြင့် ဂုဏ်တင်စပ်ဆိုခဲ့ပေသည်။ အဓိပ္ပာယ်မှာ သူ့အဖေ မှာ ချင်းနှင့်ဗမာ နှစ်ဖက်အမည်ကိုယူ၍ မှည့်ခြင်းဖြစ်သည်ဟု ဆိုလိုသည်။
ဦးဝမ္မသူးမောင်း တာဝန်ထမ်းဆောင်ခဲ့သော အင်္ဂလိပ် နယ်ချဲ့တပ်အမှတ် ၁/၂၀ ဘားမားရိုင်ဖယ်တပ်သည် မန္တလေးနန်းတွင်း၌ တပ်စခန်းချလျက်ရှိစဉ် မျိုးချစ် ခေါင်းဆောင်ကြီး ဆရာတော်ဦးဥတ္တမသည် ဈေးချိုအနီး တွင် လာရောက်နိုင်ငံရေးတရားဟောလေသည်။ ဤတွင် အင်္ဂလိပ်တို့သည် ဦးဥတ္တမအပေါ် အရေးယူစရာရှိက ယူနိုင် အောင် ထောက်လှမ်းရန်နှင့် ဆူပူမှုဖြစ်က နှိမ်နင်းရန် ဦးဝမ္မသူးမောင်းကို စေလွှတ်တာဝန်ပေးခဲ့သည်။ ဦးဝမ္မသူး မောင်းကား ဦးဥတ္တမ၏ ရဲရဲတောက် “ဝံသာနုရက္ခိတ” တရားများကို စွဲလမ်းစွာနားထောင်ရင်း မျိုးချစ်စိတ်ဓာတ် အခြေခံကောင်းများကို တည်ဆောက်ခဲ့ပေသည်။
ထိုအချိန်တွင် အိန္ဒိယ၊ မြန်မာနယ်ချဲ့ခေါင်းဆောင်တို့၏ လှုပ်ရှားမှုများကို နေ့စဉ်နှင့်အမျှ တွေ့ကြုံနေရသည့်အချိန် ဖြစ်သည်။ ဦးဝမ္မသူးမောင်းမှာလည်း နယ်ချဲ့တို့၏ အတွင်း စိတ်သန္တာန်ကို လက်တွေ့နယ်ပယ်အနေဖြင့် ထိတွေ့ ခံစားမှုမှသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ် မြောက်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ တောင်တန်းပြည်မ ပူးပေါင်းရေး စသည်တို့တွင် မျိုးချစ်စိတ်ဓာတ်ပြင်းပြစွာ ဖြင့် ပါစေခဲ့သည့်အခြေခံကောင်းများကို ရရှိစေခဲ့သည်။
နယ်ချဲ့ဆန့်ကျင်ရေးလျှို့ဝှက်စွာ စည်းရုံးခဲ့မှု
၁၉၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြင်ဦးလွင်(မေမြို့)မှ ချင်းရဲဘော်များက ပညာရေးအဖွဲ့ကို ဖွဲ့စည်းရန် စစ်ဘက်၊ အရပ် ဘက်ရှိ ချင်းအမျိုးသားတို့ထံမှာ အလှူငွေ ကောက်ခံကြသည်။ ၁၉၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်တွင် ဝမ္မသူးရွာ၌ ထိုအလှူငွေဖြင့် မြန်မာ စာသင်ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၁၉၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ဦးဝမ္မသူးမောင်း ဆူဗဒါရာထူးမှ နုတ်ထွက်သည်။ နယ်ရှင်နယ် (ခေါ်)အမျိုးသားကျောင်းတွင် ကျောင်းဆရာ ဝင်လုပ်သည်။
ထိုမှတစ်ဖန် ချင်းတောင်သို့တက်ကာ အမျိုးသားကျောင်းများ တည်ထောင်သည်။ ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့ တည်ထောင် သည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို ပင့်ဆောင်ကာ သာသနာပြုသည်။ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တရားများဟောသည်။ သူနှင့်အတူ အနစ်နာခံ လုပ်ကြမည့် ချင်းရဲဘော်များ စုဆောင်းသည်။ သူ၏ရဲဘော်အများစုမှာ တပ်ထွက်ဖြစ်သည်။ ထိုအထဲတွင် ကန်ပက်လက်နယ်ပိုင်ဝန်ထောက် “မစ္စတာကေးမောက်”ကို လက်သီးဖြင့်ထိုး၍ ပုလိပ်တပ်မှထွက်လာသော “ကြိုင်းနားအောင်” လို လူမျိုးလည်းပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ချင်းအမျိုးသားများအားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးတို့အတွက် လျှို့ဝှက်စွာ စည်းရုံးခဲ့ပါသည်။
ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့၏ လှုပ်ရှားမှု
၁၉၃၃ ခုနှစ် မတ်လ ၂၇ ရက်တွင် ဦးဝမ္မသူးမောင်း ဦးဆောင်ပြီး(ခမညဖ)ချင်းအမျိုးသား ညီညွတ်ရေးအဖွဲ့ကို မင်းတပ် မြို့နယ် မသုန်နူးရွာတွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ဦးဝမ္မသူးမောင်းက ဥက္ကဋ္ဌ၊ ဦးကီးဖေ(သခင်အောင်မောင်း)က အတွင်း ရေးမှူးအဖြစ် ဆောင်ရွက်ကြသည်။
၁၉၃၈ ခုနှစ်(ခမညဖ)အဖွဲ့၏ တတိယ အကြိမ် ညီလာခံကို ဝမ္မသူးရွာတွင် ကျင်းပ သည်။ တတိယအကြိမ်ညီလာခံတွင် ဒုတိယ အကြိမ် ညီလာခံက ဆုံးဖြတ်ခဲ့သည့် ၉၁ ဌာန အုပ်ချုပ်ရေးတွင် ချင်းတောင်တန်းကို ထည့်သွင်းပေးရေးအပါအဝင် တောင်းဆိုချက် (၉)ချက်ကို အင်္ဂလိပ်အစိုးရထံ ကိုယ်စားလှယ် စေလွှတ်တောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤတောင်းဆိုချက်ကို ဘုရင်ခံနှင့် ဥပဒေပြု လွှတ်တော်သို့ အမျိုးသားခေါင်းဆောင်ကြီး ဘကြီးဖေက တင်ပေးခဲ့ခြင်းဖြစ်သည်။
ဦးဝမ္မသူးမောင်းသည် ဒို့ဗမာအစည်းအရုံးဝင် ရေနံချောင်း ဦးဘသီ၊ ပခုက္ကူ ဦးဘချော၊ ဦးမျိုးညွန့်၊ ဦးဖိုးသိန်း၊ သခင်အံ့ကြီးတို့နှင့် ဆက်သွယ်ဆွေးနွေးပြီး နိုင်ငံရေးစည်းရုံးမှု များကို ဆောင်ရွက်ပါတော့သည်။
၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက် ဒါဘာပွဲကို မကွေးခရိုင် ဝန်ရှင်တော်မင်းကြီး “မက္ကရီကင်း”က ကန်ပက်လက်မြို့တွင် ကျင်းပ ခဲ့သည်။ ဤဒါဘာပွဲတွင် မကွေးခရိုင် ဝန်ရှင် တော်မင်းကြီး၊ ဖလမ်းအရေးပိုင်နှင့် ကန် ပက်လက်နယ်ပိုင်တို့သည် ဦးဝမ္မသူးမောင်းနှင့် (ခမညဖ)ခေါင်းဆောင်များ အပါအဝင် လူထု ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့သည်။
မကွေးဝန်ရှင်တော်မင်းကြီးက (၉၁)ဌာန အုပ်ချုပ်ရေးတွင် ထည့်သွင်းပေးရေး စသည့် တောင်းဆိုချက်များကို ပယ်ချခဲ့သည်။ ထို့ကြောင့် လူထုကိုယ်စားလှယ် ၃၀၀၀ ကျော် တို့က မခံမရပ်နိုင်ဖြစ်ကာ လက်သီးလက်မောင်း တန်းပြီး တစ်ခဲနက်ကြွေးကြော်ဆန္ဒပြခဲ့သည်။ ရွာသူကြီး ၃၆ ဦးတို့ကလည်း ၎င်းတို့၏ ခန့်စာ များကို နယ်ပိုင်ထံ ပစ်ပေါက်အပ်နှံခဲ့ကြသည်။ မကွေးဝန်ရှင်တော်မင်းကြီးနှင့် အဖွဲ့သည် အထိတ်တလန့်ဖြစ်ကာ ဆောမြို့သို့ ထွက်ပြေး ခဲ့ကြရသည်။
အင်္ဂလိပ်အစိုးရ ချင်းအမျိုးသားညီညွတ်ရေး အဖွဲ့ကို မတရားအသင်း ကြေညာသည်။ ဦးဝမ္မသူးမောင်းအပါအဝင် ကိုးဦးကို မတ်လ ၂၄ ရက်တွင် ပထမအသုတ် ဖမ်းဆီးသည်။ နောက်ထပ်အသုတ်လိုက် ဖမ်းဆီးရာ ၁၃၀ ထိ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခဲ့သူတို့ကို မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ တီးတိန်၊ ဖလမ်း၊ မကွေး၊ မြင်းခြံနှင့် ကသာထောင်များတွင် လူစုခွဲ၍ ချုပ်နှောင်ခဲ့သည်။ ဤသို့ ဖမ်းဆီး နှိပ်ကွပ်မှုကို အင်္ဂလိပ်အစိုးရ ဖုံးဖိထားသည်။
ဇလွန်မြို့နယ် ဒေါင့်ကြီး လူထုဟောပြောပွဲ တွင် သခင်အောင်ဆန်းက ထုတ်ဖော်ဟောပြော ချီးကျူးခဲ့သည်။ ထို့ကြောင့် ရာဇဝတ်ဝန် “ဇေးဗီးယား”က သခင်အောင်ဆန်းကို ဖမ်းဆီး နိုင်သူအား ဆုငွေ(၅)ကျပ်ပေးမည်ဟု သိက္ခာချ ဝရမ်းထုတ်ခဲ့သည်။ ဤဝရမ်းကြောင့် သခင် အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်တို့သည် ဂျပန်နိုင်ငံသို့ ဆောလျင်စွာ တိတ်တဆိတ် ထွက်ခွာပြီး စစ်ပညာသင်ယူရသည့် နိုင်ငံရေးကွင်းဆက်ဖြစ်ပေါ်ခဲ့ရသည်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှုကော်မတီ
မြန်မာနိုင်ငံသို့ ဂျပန်များဝင်ရောက်လာ သောအခါ အကျဉ်းထောင်များကို လေယာဉ် ဖြင့် ဗုံးကြဲဖျက်ဆီးကြသည်။ ထိုစဉ် ထောင် ဖောက်ပြီး ထွက်လာသည့် ချင်းမျိုးချစ်ပုဂ္ဂိုလ် များသည် အင်္ဂလိပ်အစိုးကို စနစ်တကျ တော်လှန်တိုက်ခိုက်ရန် ဦးဝမ္မသူးမောင်း၏ စည်းရုံးကွပ်ကဲမှုအောက်တွင် စည်းရုံးလှုပ်ရှား လာကြသည်။ နိုင်ငံရေးအရ စည်းရုံးလှုပ်ရှား လာသော ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့သည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုကော်မတီ (Peace Preseration Committe) တစ်ရပ်ကို အချိန်မီဖွဲ့စည်းလျက် ကန်ပက်လက်စည်းရုံး ရေး တာဝန်များကို ဝင်ရောက်ထိန်းသိမ်းခဲ့မှု ကြောင့် စစ်အတွင်းတရားဥပဒေမဲ့ ဖျက်ဆီး နှောင့်ယှက်မှုမရှိဘဲ ကန်ပက်လက်နယ် တစ်ဝန်းသာမက တောင်ပိုင်းချင်းတောင်တန်း ဒေသတစ်ခုလုံး အေးချမ်းငြိမ်သက်စွာ နေနိုင်ခဲ့ ကြခြင်းဖြစ်ပေသည်။
ထို့နောက် ဦးဝမ္မသူးမောင်းအပါအဝင် ချင်းမျိုးချစ်ပုဂ္ဂိုလ်များသည် ဒို့ဗမာအစည်းအရုံး ဝင် သခင်များအဖြစ် လည်းကောင်း၊ ဘီအိုင် အေ၊ ဘီဒီအေ၊ ဘီဒီအက်ဖ်၊ တပ်များသို့လည်း ကောင်း တဖွဲဖွဲဝင်ရောက်လာကြကာ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့အင်္ဂလိပ်တို့ကို အပြီးပိုင်မောင်းထုတ်ရေး၊ လွတ်လပ်ရေး အရယူရေးတို့အတွက် ရှေ့တန်းမှ ပါဝင်၍ ဆက်လက်လှုပ်ရှားခဲ့ကြသည်။
ချင်း၊ ဗမာ ချစ်ကြည်ရေးညီလာခံနှင့် ကျောက်တိုင်
၁၉၄၇ ခုနှစ် မတ် ၃ ရက်မှ ၅ ရက်အထိ ပခုက္ကူခရိုင် ထီးလင်းမြို့တွင် ကျင်းပခဲ့သော ချင်း၊ ဗမာချစ်ကြည်ရေး ညီလာခံတွင် ဦးဝမ္မသူးမောင်း၊ ဦးဇဟိုး၊ ဦးလျန်ကားရ်တို့ တက်ရောက်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စား ဒီးဒုတ်ဦးဘချိုတက်ရောက်ကာ ချင်း၊ ဗမာ ချစ်ကြည်ရေးကျောက်တိုင်ကို ပန္နက်ချ စိုက်ထူခဲ့ကြသည်။
ယခုအခါ ထီးလင်းမြို့ရှိ ချင်း၊ ဗမာ ချစ်ကြည်ရေးကျောက်တိုင်အား လာရောက် လေ့လာသူများ ဦးဝမ္မသူးမောင်း၏ ဆောင်ရွက် ခဲ့မှုမှတ်တမ်း၊ ဓာတ်ပုံများနှင့်အတူ လွယ်လင့် တကူ လေ့လာနိုင်ရန် ပြန်လည်ပြင်ဆင်ထားရှိ ပြီးဖြစ်သည်။
မင်းတပ်မြို့ ဦးဝမ္မသူးမောင်းပန်းခြံကိုလည်း အဆင့်မြှင့်မွမ်းမံဆောင်ရွက်ပြီးစီးပြီးဖြစ်ရာ အဆိုပါပန်းခြံတွင် ဦးဝမ္မသူးမောင်း ကြေးရုပ်တု ကိုပါ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်ထိ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် စည်ပင်ဝန်ကြီး ဦးစိုးထက်၏ ချင်းပြည်နယ် မင်းတပ်မြို့ခရီးစဉ်တွင် ထီးလင်းမြို့ ချင်း၊ ဗမာချစ်ကြည်ရေးကျောက်တိုင်၊ မင်းတပ်မြို့ ဦးဝမ္မသူးမောင်းပန်းခြံတို့ကို ဖွင့်လှစ်ပေးခဲ့ပြီး ဦးဝမ္မသူးမောင်းကြေးရုပ်တု တည်ဆောက်ရန် ပန္နက်တင်ပေးခဲ့ကြောင်း သိရသည်။
တောင်တန်းသားများညီလာခံ
၁၉၄၇ ခုနှစ် မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ရှမ်းပြည်(တောင်ပိုင်း) ညောင်ရွှေမြို့တွင် ကျင်းပခဲ့သော တောင်တန်းသားများညီလာခံ တွင် ဦးဝမ္မသူးမောင်း တက်ရောက်ခဲ့သည်။ ဦးဝမ္မသူးမောင်းသည် ထိုညီလာခံတွင် တောင်တန်း ပြည်မပူးပေါင်းကာ လွတ်လပ်ရေး အရယူရေးကို အလေးအနက်ထား ဆွေးနွေးခဲ့ သည်။
ချင်းတိုင်းရင်းသားများနှင့် ရီးဝီးလျှံ ကော်မရှင်နာ
မေမြို့ (ပြင်ဦးလွင်)၌ ရုံးထိုင်သော နယ်ခြား ဒေသစုံစမ်းရေး ရီးဝီးလျှံကော်မရှင်နာထံသို့ ၁၉၄၇ ခုနှစ် ဧပြီလတွင် ဦးဝမ္မသူးမောင်းနှင့် ဦးဝမ်းကိုဟော ခေါင်းဆောင်သော ချင်း တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် နာဂ တောင်တန်း၊ ခန္တီးခရိုင်၊ ချင်းကိုယ်စားလှယ်များ တက်ရောက်ကြပြီး အရေးဆိုခဲ့ကြသည်။
တိုင်းပြုပြည်ပြုလွှတ်တော်မှ အခြေခံဥပဒေ ရေးဆွဲခြင်း
၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော် က ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို ရေးဆွဲခဲ့သည်။ ဤဥပဒေရေးဆွဲရာတွင် ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များဖြစ်ကြ သော ဦးဝမ္မသူးမောင်း(မင်းတပ်)၊ ဦးဆာဝစ် (ဖလမ်း)၊ ဦးထပ်လှိုင်း(ပလက်ဝ)၊ ဦးငွန်တိုး (ဟားခါး)၊ ကပ္ပတိန်မန်တုံးနှုံး(တီးတိန်)တို့ ပါဝင်ခဲ့ကြပါသည်။ ဦးဆာဝစ်မှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် လည်း ပါဝင်ခဲ့ပြန်သည်။ သီရိပျံချီ ဦးထပ်လှိုင်း မှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ စဉ် အကြံပေး ၃၃ ဦး အဖွဲ့တွင် ပါဝင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရာတွင်လည်း ပလက်ဝမြို့နယ်မှ အမျိုးသားညီလာခံ ကိုယ်စားလှယ်တိုင်းရင်းသား လူမျိုးများအစုအဖွဲ့အနေဖြင့် ပထမပိုင်းတွင် တက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ကျန်းမာရေး အခြေအနေအရ အနားယူခဲ့သူတစ်ဦး ဖြစ်ပါ သည်။
ပထမဦးဆုံး ချင်းရေးရာဝန်ကြီးနှင့် ချင်းပြည်နယ်
၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့ ဖဆပလ ပြင်ဆင်မှု ညီလာခံ၌ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဦးဝမ္မသူးမောင်း ခေါင်းဆောင်သော ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီး ချင်း တောင်ကို ချင်းဝိသေသတိုင်းအဖြစ် ခေါ်ဆို ဖွဲ့စည်းရန် သတ်မှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ ချင်းတောင်ဒေသသည် ချင်းဝိသေသတိုင်း ဖြစ်လာခဲ့သည်။ ဦးဝမ္မသူးမောင်းမှာလည်း ပထမဦးဆုံး ချင်းရေးရာဝန်ကြီးဖြစ်ခဲ့သည်။ ပါလီမန်ဒီမိုကရေစီခေတ်(၁၉၄၈၊ ၁၉၆၂) ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးခေတ် (၁၉၆၂ ၊ ၁၉၇၄) ထိတိုင် ချင်းဝိသေသတိုင်းအဖြစ် ရပ်တည်ခဲ့သည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း(၃) ပုဒ်မ(၁၀)(ခ)အရ ချင်းဝိသေသ တိုင်းကို ချင်းပြည်နယ်ဟု သတ်မှတ်ခဲ့သဖြင့် ယနေ့တိုင် ချင်းပြည်နယ်အဖြစ် ရပ်တည် နေပါသည်။
ဖလမ်းမြို့ ချင်းအမျိုးသားညီလာခံ
လွတ်လပ်ရေးရပြီးသော်လည်း ချင်း ဝိသေသတိုင်းတွင် နယ်ချဲ့လက်အောက်ခံ တိုက်သူကြီး အုပ်ချုပ်ရေးစနစ် ရှိနေသေးသည်။ ထိုစနစ်ကိုဖျက်သိမ်းရန် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၂ ရက်အထိ အနယ်နယ်အရပ်ရပ်မှ ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ၅၀၀၀ ကျော် တက်ရောက်ခဲ့သည့် ချင်းအမျိုးသားညီလာခံကြီးကို ကျင်းပခဲ့သည်။
ဖေဖော်ဝါရီ ၂ဝ ရက် ညီလာခံဒုတိယနေ့တွင် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရေး အတွက် တိုက်သူကြီးအုပ်ချုပ်ရေးစနစ်ကို ပယ်ဖျက်ကာ အများဆန္ဒအရ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရန် ဆုံးဖြတ်ခဲ့ ကြသည်။ ဤညီလာခံတွင်ပင် ဦးဝမ္မသူးမောင်း နှင့် ချင်းမျိုးချစ်ပုဂ္ဂိုလ်များ၏ ချင်းအမျိုးသား အားလုံး သူ့ကျွန်ဘဝလွတ်မြောက်ရေးအတွက် တောင်တန်းပြည်မပူးပေါင်းကာ လွတ်လပ်ရေး အရယူရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ချင်း တို့၏ မျိုးချစ်စိတ်ဓာတ်ကို ဂုဏ်ပြုသည့် အနေဖြင့် “ချင်းအမျိုးသားနေ့” သတ်မှတ်သင့် ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
၁၉၂၂ ခုနှစ်တွင် ချင်းရဲဘော်များ ပညာရေး အဖွဲ့ ဖွဲ့စည်းခြင်း၊ ၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက် ဒါဘာပွဲတွင် အင်္ဂလိပ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခြင်း၊ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖလမ်းလူထုအစည်းအဝေး၌ တိုက်သူကြီးအုပ်ချုပ်ရေးစနစ်ဖျက်သိမ်းခြင်းစသည့် သမိုင်းအစဉ်အလာကောင်းနေ့ရက်များ ကို အခြေခံပြီး ၁၉၅၀ ပြည့်နှစ် အောက်တိုဘာ ၉ ရက်တွင် ချင်းရေးရာကောင်စီက ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်း အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။
ဤချင်းအမျိုးသားနေ့သည် ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ကိုလိုနီ အမွေဟောင်း တိုက်သူကြီးအုပ်ချုပ်ရေးစနစ် ဖျက်သိမ်းရေးစသည်တို့နှင့်အတူ ပေါက်ဖွားခဲ့သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
ပထမအကြိမ် ချင်းအမျိုးသားနေ့ကို ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဦးဝမ္မသူးမောင်း မွေးဖွားခဲ့ရာဒေသကို ဂုဏ်ပြုသည့်အနေဖြင့် မင်းတပ်မြို့ မြို့မအားကစားကွင်းကြီးတွင် စတင်ကျင်းပခဲ့သည်။ နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်၏ သဝဏ်လွှာကို နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက ဖတ်ကြားခဲ့သည်။ ဝန်ကြီး များထဲမှ ကချင်ရေးရာဝန်ကြီး ဆမားဒူးဝါး ဆင်ဝါနောင်က ၎င်း၏ သဝဏ်လွှာကို ဖတ်ကြား ခဲ့သည်။ ထိုနေ့မှစ၍ ပြည်နယ်မြို့တော် ဟားခါး မြို့ရှိ အားကစားကွင်းနှင့် မင်းတပ်မြို့ မြို့မ အားကစားကွင်းတို့ကို ဦးဝမ္မသူးမောင်းအား ဂုဏ်ပြုသည့်အနေဖြင့် “ဝမ္မသူးမောင်း အားကစားကွင်း”ဟု ခေါ်တွင်စေခဲ့သည်။
ဤသို့ ချင်းမျိုးချစ်ခေါင်းဆောင် ဦးဝမ္မသူး မောင်း၏ နယ်ချဲ့ဆန့်ကျင်ရေး ချင်းအမျိုးသား အားလုံး သူ့ကျွန်ဘဝလွတ်မြောက်ရေး၊ တောင်တန်းပြည်မ ပူးပေါင်း၍ လွတ်လပ်ရေး ရသည်အထိ ဆက်တိုက် ပါဝင်ကြိုးပမ်း ဆောင်ရွက်ခဲ့မှုနှင့် မျိုးချစ်စိတ်ဓာတ်ပြင်းပြခဲ့မှု တို့ကို စံနမူနာယူပြီး စဉ်လာမပျက် မှတ်သား လိုက်နာနိုင်ရန် ချင်းရဲဘော်များက ရေးသား သည့် ချိုးချင်းရိုးရာ တေးကဗျာများကို “ချင်းတောင်ကင်းမောင်” က ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြင့် ဂုဏ်ပြုအပ်ပါသည်။
ထိုနှစ်ယောက်
မြန်ပြည်အတွင်း၊ ရန်ပုံခွင်း၍
မင်းဗိုလ်အောင်ဆန်း၊ နာမည်လျှမ်းခဲ့။
ချင်းပြည်အတွက်၊ “မော်” ထိုးနှက်၍
ထန်းပက်မောင်းမှာ၊ ဂုဏ်ရောင်ဖြာခဲ့။
ကိုယ်ကျိုးမထောက်၊ ထိုနှစ်ယောက်၏
မှတ်လောက်စဉ်လာ၊ နမူနာကို
သစ္စာလေးချက်၊ တို့များရွက်၍
မပျက်လိုက်နာကြပါအံ့။
မင်းတပ်ချင်း (ချိုးချင်း၊ မွင်းချင်း)တို့က အင်္ဂလိပ်ရန်သူကို “မော်”ဟုခေါ်ပါသည်။
(ဤဆောင်းပါးဖြင့် ချင်းမျိုးချစ်ခေါင်းဆောင် ဦးဝမ္မသူးမောင်းအား ဂုဏ်ပြုအပ်ပါသည်။)
No comments:
Post a Comment
ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/
ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်