သာယာလှပတဲ့တောင်တန်းတွေထက်က ကျွန်တော့်မွေးရပ်မြေဖလမ်းမြို့ဟာ ဒီ ၂၀၁၄ မှာ ဆိုရင် (၁၂၂)နှစ် ပြည့်မြောက်ခဲ့ပါပြီ။ လူ့သက်တမ်းနဲ့နှိုင်းမည်ဆိုရင် အင်မတန် အိုမင်းလှပြီလို့ ဆိုနိုင်ပေမယ့် ရာသီမရွေး တိမ်မြူရစ်သိုင်းလေ့ရှိတဲ့ ဖလမ်းမြို့လေးဟာ ချင်းပြည်နယ်ထဲက တခြားမြို့တွေရဲ့အလယ်မှာ ဝင့်ကြွား စွာ ရပ်တည်နိုင်ခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။
တစ်ချိန်က ချင်းပြည်နယ်မြို့တော်၊ ခရိုင်မြို့လည်းဖြစ်ခဲ့ပြီး၊ နုသစ်လှပတဲ့ တောင်ပေါ်မြို့လေးဟာ သူ့ကိုမှီခိုတဲ့မြို့သူ/သားတွေအတွက် ဖူလုံပြည့်စုံတဲ့ စားဝတ်နေရေး အတွက်ကို ခေတ်အဆက်ဆက် ဖန်တီးထောက်ပံ့ပေးနိုင်ပါတယ်။ အရာရှိအရာခံ ဝန်ထမ်းများ၊ စစ်ဗိုလ်ကြီးများနဲ့ ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်းရတနာများစွာကိုလည်း ကျောင်းတော်ကြီးကနေ ပညာရည်တိုက်ကျွေး ပျိုးထောင်ခဲ့ပါတယ်။လုံပီးမှာရှိတဲ့ စိုက်ပျိုးရေးကျောင်းကနေလည်း ခေတ်ပညာတတ်များစွာ မွေးထုတ်ခဲ့ပါတယ်။ အိမ်ရာ ဆောက်လုပ်ဖို့အတွက် လိုအပ်တဲ့အုတ်ခဲနဲ့ထုံးများကိုလည်း လုံပီး၊ လုံရာန်းစတဲ့ နေရာတွေကနေ ထောက်ပံနိုင် နေဆဲဖြစ်ပါတယ်။ ချင်းပြည်နယ်အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်တဲ့ ထင်းရှူးဆီထုတ်စက်ရုံဟာလည်း စီဇာမွာလ်ရွာမှာရှိခဲ့ပြီး အဲဒီစက်ရုံကနေ ထုတ်လုပ်တဲ့ထုတ်ကုန်တွေဟာ တစ်နိုင်ငံလုံးကို ကျယ်ပြန့်စွာအကျိုးပြုနိုင်ခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအတွက် ဖလမ်းမြို့တင်မက ဟားခါး၊ ထန်တလန်နဲ့ ဝေးလံခေါင်သီလှတဲ့ ချင်းပြည်နယ်မြောက်ပိုင်းကမြို့ရွာပါမကျန်အားကိုးအားထားပြုရတဲ့ ဗါရ်တံတားကြီးဟာလည်း ဖလမ်းမြို့နယ် မှာရှိခဲ့ပြီး ချင်းပြည်နယ်မှာ အကောင်းဆုံးတံတားအဖြစ် ယနေ့တိုင် ရပ်တည်အသုံးပြုရဆဲပါ။
ဗါရ်း (Var/Ngalsip) ရေအားလျှပ်စစ်ဟာလည်းယနေ့တိုင် ဖလမ်းမြို့နယ်ကို အကျိုးပြုဆဲပါ။ ချင်းပြည်နယ်ဒေသထွက်အဖြစ် ကျွန်တော်တို့ ဂုဏ်ယူရတဲ့မြေအိုး (လဲန်သဲအိုး) တွေကိုလည်း ဖလမ်းမြို့နယ်မှာပဲ သွန်းလုပ်နေဆဲ ဖြစ်ပါတယ်။ ဖလမ်းမြို့ဟာ ချင်းလူမျိုးအားလုံးအတွက် ဂုဏ်ယူစရာနေ့ထူနေ့မြတ်ဖြစ်တဲ့ “ချင်းအမျိုးသားနေ့” မွေးဖွားခဲ့တဲ့နေရာလေးဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်ကြီးရဲ့ရိုက်ခတ်မှုဒဏ်တွေနဲ့ အခက်အခဲအမျိုးမျိုး ကို အံတုရင်ဆိုင်ရင်း မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။ ချင်းပြည်နယ်မြို့တော်အဖြစ်ကနေ ရွေ့ပြောင်းခံရပြီး ဟားခါးဟာ ၁၉၆၄ ခုနှစ်ကနေ တိုင်းမြို့တော်ဖြစ်လာခဲ့တယ်။ အခက်ခဲမျိုးစုံရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီး ခိုင်မာစွာ ရပ်တည်နိုင်ခဲ့တဲ့ ဖလမ်းမြို့ကို ၁၉၉၂ ခုနှစ်မှာ ရာပြည့်ပွဲတော် ကျင်းပပြီး ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ (၁၂၂) နှစ်တာ ကာလအတွင်း ဖလမ်းမြို့ဖြတ်သန်းခဲ့တဲ့ခရီးကို သုံးသပ်ကြည့်ရင် နုပျိုတဲ့ ဖလမ်းမြို့လေးဟာ ခိုင်မာတဲ့ အားမာန်အပြည့်နဲ့ခေတ်မီတိုးတက်တဲ့ အနာဂါတ်ဆီတရွေ့ရွေ့ဦးတည်ခရီးဆက်ဆဲဆိုတာမြင်တွေ့နိုင်ပါ တယ်။
ဖလမ်းမြို့သမိုင်း
ဖလမ်းမြို့သမိုင်းကို လေ့လာကြည့်မယ်ဆိုရင် တာရွှန်းမျိုးနွယ်စုသမိုင်းကနေ အစပြုရမှာပါ။ “ဖလမ်း” ဆိုတဲ့ နာမည်ဟာ တာရွှန်း မျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ နာမည် တစ်ခုဖြစ်လို့ပါပဲ။ နာမည်မူရင်းပိုင်ရှင် တွေလို့ဆိုနိုင်ပါတယ်။ လွှန်ခဲ့တဲ့ အေဒီ ၁၅၀၀ ခန့်က “လိုင်လွန်” အရပ်မှာ ပထမဆုံးရောက်ရှိလာပြီး အခြေချနေထိုင်ခဲ့ကြတယ်လို့ ယုံကြည်ရတဲ့ သူတွေထဲက ဦးတွန်းခိုင် (Pu Thuan Khai) ရဲ့သား ဦးတာရွှန်း (Pu Tai Sun) ဟာ အေဒီ(၁၅၀ဝ)ဝန်းကျင်မှာပဲ တာရွှန်း ဆိုတဲ့ရွာတစ်ရွာကို လိုင်လွန် နဲ့မနီးမဝေးနေရာမှာ စတင်တည်ထောင်ခဲ့တယ်။ အဲဒီနေရာကတော့ ယခုဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်မှာရှိတဲ့ ယက္ကန်းကျောင်း အောက်ခြေ နားတစ်ဝိုက်မှာဖြစ်ပါတယ်။ ဦး တာရွှန်းတို့ခေတ်ဟာ မျိုးနွယ်စုတိုက်ပွဲတွေများပြားလှပြီး မကြာခဏဆိုသလို စစ်ဖြစ်ပွားလေ့ရှိတယ်။ အဲဒီလိုစစ်ဖြစ်ပွားတဲ့အချိန်မှာ တာရွှန်း ရွာသူ/ရွာသားတွေဟာ သူတို့ရဲ့ကလေးတွေကို တာရွှန်း ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ယာတဲတွေထဲမှာ စစ်ပွဲပြီးတဲ့အထိ ဝှက်ထားတတ်ကြတယ်။ အဲဒီနေရာဟာ တောတောင်ထူထပ်ပြီး နက်စောက်တဲ့ ချောက်ကမ်းပါးတွေနဲ့ ဝန်းရံထားတဲ့ ချုံတောကြီးဖြစ်တယ်။ အဲဒီနေရာ ကို အေဒီ(၁၆၀ဝ)ဝန်းကျင်မှာ Pu Lian Tei ကရွာ စတည်ခဲ့ပြီး ထိုနေရာကို Fa-Hlam လို့စပြီးခေါ်တွင်ခဲ့တယ်။ Fa ဆိုတာ သားသမီး များ၊ Hlam ဆိုတာက လုံခြုံဘေးကင်းရာအရပ် (Secure Place) လို့ အဓိပ္ပါယ်ရပြီး သားသမီးတွေ ကို ဘေးကင်းလုံခြုံစွာ ဝှက်ထားနိုင်သောအရပ် (သို့) ဘေးကင်းရာမှ ပြန်လည်ခေါ်ထုတ်ရသောအရပ် “Fahlam” လို့ သတ်မှတ်ခေါ်တွင်ပြီး နေထိုင်ခဲ့ကြတယ်။ တာရွှန်းမျိုးနွယ်စုတို့သည် ဖလမ်း (Fahlam) ရွာတည်ပြီးကတည်းက ပတ်ဝန်းကျင်ရွာတွေနဲ့ စုပေါင်းပြီး စည်းစည်းလုံးလုံး နေထိုင်နိုင်အောင် စတင်ကြိုးစားကြပြီး၊ ၁၉ ရာစုနှောင်းပိုင်း ဗြိတိသျှ တို့ရောက်ရှိ လာတဲ့အချိန် တွင်မူ ချင်းပြည်နယ်တစ်ခုလုံးမှာ အင်အားအကြီးဆုံးရွာ/ မျိုးနွယ်စု အဖြစ် ရပ်တည်နိုင်ခဲ့ကြတယ်။အဲဒီလို ရပ်တည်နိုင်အောင် ပတ်ဝန်းကျင်ရွာတွေကို စည်းရုံးနိုင်ခဲ့တဲ့ခေါင်းဆောင်တချို့တွေကိုပဲ ကျွန်တော်တို့သိခဲ့ရတယ်။ ဖလမ်းကို အဲဒီခေတ်က အနောက်နိုင်ငံများတွင် အသုံးပြုသည့် ဒီမိုကရေစီစနစ်သဖွယ် လူထုဆန္ဒအလျှောက် ရွေးကောက်ခဲ့တဲ့ လူငါးဦးနဲ့ပါဝင်ဖွဲ့စည်းထားတဲ့ (ဖလမ်းကောင်စီ) က အုပ်ချုပ်ခဲ့ပါတယ်။ ဖလမ်းကောင်စီမှာ သိရသလောက် ခေတ်အဆက်ဆက် ပါဝင်တဲ့အဖွဲ့ဝင် တချို့တွေက အေဒီ ၁၆၅၀-၁၇၀၀ ၀န်းကျင်တွင် Pu Bawi Khal ဦးဆောင်တဲ့ကောင်စီ၊ အေဒီ ၁၇၀၀-၁၇၅၀ အတွင်း Pu Hlan Kim, Pu lian Bik နဲ့ Pu Sang Rol တို့ဦးဆောင်တဲ့ကောင်စီ၊ ၁၇၅၀-၁၈၂၀ အတွင်း Pu Lian Nawn နဲ့ Pu Hniar Vum တို့ဦးဆောင်တဲ့ကောင်စီ၊ ၁၈၂၀ – ၁၈၅၆ အတွင်း Pu Kip Bik (ဗိုလ်ကြွန်ဘိခ်၏ဖခင် ) Pu Khar Lian, Pu Hoi Hlum တို့ဦးဆောင်တဲ့ကောင်စီတို့ဖြစ်ကြပြီး၊ ၁၈၅၆ ကနေ ၁၈၉၂ အထိ နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ကြွန်ဘိခ် (ဗိုလ်ဆွန်ပက်) ဦးဆောင်တဲ့ ဖလမ်းကောင်စီက ဦးစီးခဲ့ပါတယ်။ ဗိုလ်ကြွန်ဘိခ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက Pu Mang Hlur, Pu Khar Lian, Pu Cong Khar, Pu Bawi Hmung တို့ဖြစ်ခဲ့တယ်။ ဗိုလ်ကြွန်ဘိခ် လက်ထက်တွင် ဖလမ်း၏ သြဇာအာဏာသည်လည်း ဟားခါးနယ် Phau Va မှ မဏိပူရနယ်နမိတ်အထိ ကျယ်ပြန့်ခဲ့ကြောင်း HNC Stevenson ရးသားတဲ့ “Economic of Central Chin Tribes” စာအုပ်မှာ တွေ့မြင်နိုင်ပါတယ်။
ကလေး၊ ကဘော် ချိုင့်ဝှမ်းဒေသကို ဗြိတိသျှ တို့အုပ်ချုပ်တဲ့နောက်ပိုင်းမှာလည်း ဗြိတိသျှတို့သည် ဗိုလ်ကြွန်ဘိခ်နဲ့ အရေးကိစ္စအမျိုးမျိုးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ ၁၈၈၇ မတ်လမှာ ဗြိတိသျှစစ်ဗိုလ် Captain Raikes နဲ့ ဖလမ်းကောင်စီမှ ဗိုလ်ကြွန်ဘိခ် တွေ့ဆုံခဲ့ကြပြီး၊ Captain Raikes က စီယင်းတွေ မြေပြန့်ဒေသကို သွားမတိုက်ဖို့ ဆောင်ရွက်ပေးရန်အကြာင်းကြားခဲ့သည်။ အဲဒီနောက်ပြီး စီးယင်းတွေဟာ မြေပြန့်စီးနင်ခြင်းကို ရပ်ဆိုင်းခဲ့ကြသည်။ နောက်ပြီး ၁၈၈၉ ဇန်န၀ါရီလ ၃ ရက်နေ့မှာ နောက်တကြိမ် ထပ်တွေ့ခဲ့ကြတဲ့အခါ ဗြိတိသျှတွေက ဗိုလ်ကြွန်ဘိခ်ကို စီးယင်းတွေ မြေပြန့်ဒေသအား မစီးနင်ဖို့ ဟန့်တားနိုင်တဲ့အပေါ်မှာ ဂုဏ်ပြုချီးကျူးစကားဆိုခဲ့ကြပါတယ်။ နောက်ပြီး ဗြိတိသျှ တို့ခန့်ထားသောကလေးစော်ဘွားအား အသိအမှတ်ပြုရန်၊ စီးယင်းနဲ့အဖွဲ့ မြေပြန့်ဒေသအား မတိုက်ဘို့ တိုက်တွန်းရန် အကြောင်းနဲ့ ချင်းတောင်နဲ့ ဗြိတိသျှ တို့အုပ်ချုပ်တဲ့ ချစ်တကောင်း-ချင်းတောင်-ဗမာပြည် ကုန်သွယ်ရေးလမ်းကြောင်း အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဗိုလ်ကြွန်ဘိခ်က စီးယင်းတွေ ကျနော့တို့ဆီမှာ အခွန်ပေးပေမယ့် ရပ်နားခိုင်းဖို့ အခွင့်အာဏာကျတော့ ကျွှန်တော်တို့ဆီမှာ မရှိပါဘူး။ နောက်ပြီး ကုန်သွယ်ရေး လမ်းကြောင်းအတွက်လည်း ကျနော်တဦးတည်း ဆုံးဖြတ်နိုင်ခွင့် မရှိပါဘူး။ ဖလမ်းကောင်စီမှာ ဆွေးနွေးဖို့လိုပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ နောက်ပိုင်းတွင် တာရွှန်းတို့ဟာ မြေပြန့်တွင် ဗြိတိသျှတော်လှန်ရေး လုပ်ဆောင်ခဲ့တဲ့ ရွှေဂျိုးဖြူ နှင့် ပေါင်းအပါတို့အား နိုင်ငံရေးခိုလှုံ ခွင့်ပေးထားခဲ့ကြသည်။
ရွှေဂျိုးဖြူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ကို လက်ခံခိုလှုံခွင့်ပေးတဲ့ တာရွန်းမျိုးနွယ်စုအရေး၊ မြေပြန့်တွင် စီးယင်းမျိုးနွယ်စု အပေါင်းပါများက သွားရောက်စီးနင်းမှုရေး တို့ကြောင့် ဗြိတိသျှတို့သည် ဖလမ်းကောင်စီအား ရွှေဂျိုးဖြူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့အား ဗြိတိသျှလက်ထဲသို့ အပ်နှံရန်၊ နောက်ပြီး စီးယင်းကောင်စီထံသို့ စီးယင်းသူရဲကောင်း ခိုင်ကမ်းကိုလည်း အပ်နှံရန် ရာဇသံ ပေးပို့ခဲ့သည်။ ထိုရာဇသံ ကို ဖလမ်းကောင်စီ နှင့် စီးယင်းကောင်စီက လစ်လျူရှုထားခဲ့ကြသည်။ ထို့ကြောင့် ဗြိတိသျှတို့သည် ၁၈၈၈ခုနှစ်၊ဒီဇင်ဘာ၃၀တွင်ချင်းတောင်အား ချေမှုန်းရန်စစ်ချီခဲ့ကြတော့သည်။ဗြိတိသျှတို့ ချီတက်လာတဲ့အချိန်မှာ ဗိုလ်ကြွန်ဘိခ် ဟာ ဖလမ်းမျိုးနွယ်စုအားလုံးကို စုရုံးပြီး ဗြိတိသျှတို့အား ပြန်လည်တိုက်ခိုက်ခဲ့တယ်။ ဗြိတိသျှတို့က “ကျွန်တော်တို့တတွေ စီးယင်း စစ်မြေပြင်မှာ တိုက်ပွဲဝင်နေစဉ် ချင်း (တာရွှန်း) တို့သည် မြေပြန့်သို့ ဆင်းလာကာ ရှမ်းရွာများနှင့် ကျွန်တော်တို့ (ဗြိတိသျှ) တို့၏ စခန်းများလာရောက် တိုက်ခိုက်ပုံကို ကြည့်ခြင်းအားဖြင့် သူတို့တွေရဲ့ပြောင်မြောက်လှတဲ့ စစ်စွမ်းရည်ဟာကို ပြသခဲ့ကြတယ်လို့(Carey & Tuck 1896, Pg 27)မှာ ဖလမ်းတပ်ပေါင်းစုရဲ့ စစ်စွမ်းရည်ကို ဖော်ပြထားတာတွေ့ရတယ်။
၁၈၉၀ခုနှစ် မတ်လတွင် စစ်တကောင်းအခြေစိုက် ဗြိတိသျှစစ်ကြောင်းနဲ့၊ ပခုက္ကူဘက်က တောင်ပိုင်း စစ်ကြောင်းတို့ဟာ ပူးပေါင်းကြပြီး ဟားခါးမှ ဖလမ်းဘက်သို့ချီတက်ကြရာ ဖလမ်းရွာမအနီးရှိ Ngalzawl အရပ်မှာတပ်စွဲခဲ့ကြတယ်။ နောက်ပြီး Fort White ဘက်ကနေချီတက်လာတဲ့ မြောက်ပိုင်းစစ်ကြောင်းဟာလည်း Parte ရွာမှာ တပ်စွဲခဲ့ကြတယ်။ ထိုဗြိတိသျှစစ်ကြောင်းကို တိုက်ခိုက်ဖို့ရန်အတွက် ဗိုလ်ကြွန်ဘိခ် ဖလမ်းရွာမမှာ စစ်သားအင်အား (၃၀၀၀) ကျော်စုရုံးခဲ့ကြပြီး ထိုသူတို့သည် တိုက်မိန့်အား စောင်ဆိုင်းနေကြသည်။ ထိုစစ်သားအင်အားများတွင် အင်အားကြီး မျိုးနွယ်စုများ ဖြစ်ကြသော Zahau, Hualngo, Sizang, Tawyan, Minledaung, Khuangli and Sokte တို့လည်းပါဝင်ကြသည်။ အခိုင်မာတပ်စွဲထားတဲ့ ဗြိတိသျှ စစ်ကြောင်းသုံးကြောင်းကို သုံးသပ်တဲ့အခါ လူအင်အားနဲ့ လက်နက်အင်အား မမျှတဲ့အပြင် နှစ်ဘက်ညှပ်တိုက်ခိုက် လာမယ့် စစ်အင်အားကို ခုခံတိုက်ခိုက်ဖို့ မလွယ်ကူကြောင်း ဆင်ခြင်မိတဲ့ ဖလမ်းကောင်စီဟာ လက်နက်ချခဲ့ပြီး စာချုပ်မှာပါတဲ့အတိုင်း နှစ်စဉ်သတ်မှတ်တဲ့ အခွန်ဘဏ္ဍာဆက်သဖို့ သဘောတူခဲ့ရတယ်။ ဗိုလ်ကြွန်ဘိခ် ဦးဆောင်သော ဖလမ်းရွာမသည် လက်နက် ချခဲ့ပေမယ့် အညံ့မခံခဲ့ပဲ ပြောက်ကျားစနစ်သုံးပြီး အခွင့်ရေးကြုံတိုင်း ချုံခိုတိုက်ခိုက်ခဲ့ကြသည်။ တစ်ခြားမျိုးနွယ်စုတွေကိုလည်း တိတ်တဆိတ်စည်းရုံးပြီး ချုံခိုတိုက်ခိုက်ရန် အားပေးခဲ့သည်။ ဒါကြောင့် ဗြိတိသျှ စစ်တပ်ဟာ ဖလမ်းရွာမကို ၁၈၉၂ မတ်လ ၁၃ ရက်မှာ သိမ်းပိုက်ခဲ့တယ်။ ၁၈၉၂ မတ် လ(၁၃) ရက်ဟာ ဖလမ်းရွာမမှာ ဗြိတိသျှ စစ်သားတွေ စတင်ဝင်ရောက်လာတဲ့နေ့ပါပဲ။ ဗြိတိသျှ အရရှိတွေဟာ ဖလမ်းရွာမမှာ စခန်းချတပ်စွဲဖို့ရည်ရွယ်ခဲ့ပေမယ့် ဗိုလ်ကြွန်ဘိခ် က ကန့်ကွက်ငြင်းဆိုခဲ့တဲ့အတွက် ဗြိတိသျှတို့သည် လက်လျော့ပြီး နေရာသစ်ရှာဖွေခဲ့ကြတယ်။ အဲဒီစခန်းချအခြေစိုက်မယ့် နေရာသစ်အတွက် ဗြိတိသျှ တို့ဟာ လုပ်သားအင်အား (၂၀ဝ၀ဝ) ကျော်ကိုအသုံးချပြီး (၁၈၉၂) ခုနှစ်၊ မတ်လ အတွင်းမှာဘဲ ယခုလက်ရှိ ဖလမ်းမြို့ တည်နေရာ မှာပဲစတင်တည်ဆောက်ခဲ့ကြတယ်။
စခန်းသစ်တည်ဆောက်ရာမှာ လိုအပ်တဲ့သစ်၊ ဝါး တွေကို ရှာဖွေစုဆောင်းကြပြီး အဲဒီအတွက် ဦးတာရွန်းတည်ခဲ့တဲ့ တာစွန်းရွာကို ဖျက်ဆီးခဲ့ကြတယ်။ ၁၈၉၂ခုနှစ်မှာ တာရွန်းရွာဟာ အိမ်ခြေ ၂၀ ခန့်နဲ့ Fahlam၊ ဖလှမ်းရွာမ ဟာ အိမ်ခြေ ၅၀ဝ ခန့်ရှိခဲ့တယ်။ ဗြိတိသျှတို့သည် သူတို့၏စခန်းတွက် အသစ် တည်ဆောက်တဲ့နေရာကို တာရွှန်းတွေရဲ့ရွာမအမည် Fahlam လို့ခေါ်တွင်ကြပြီး၊ တာစွန်းရွာမဖြစ်တဲ့ Fahlam ကိုတော့ သူတို့ရဲ့ မျိုးနွယ်စုအမည် တာရွှန်း လို့ပြောင်းလဲခေါ်တွင် စေခဲ့တဲ့နောက် ယနေ့တိုင် တာရွှန်းရွာလို့ အမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်။ ဗြိတိသျှတို့ စခန်းသစ်တည်ဆောက်ပြီး Fahlam လို့ခေါ်တွင်တဲ့နေရာမှာ ၁၈၉၂ ဇွန်လ ကစပြီး ဗြိတိသျှအရာရှိ နှင့် စစ်တပ်တို့ စတင်နေထိုင်အခြေချခဲ့ကြတယ်။ ဗြိတိသျှ တို့က အင်္ဂလိပ်လို Fahlam ကို Falam လို့ ရေးသားရာကနေ ယနေ့ ဖလမ်း (Falam) အဖြစ် အမည်တွင်ခဲ့ခြင်းပါတယ်။ ဖလမ်းဟာနာမည်အရဆိုရင် အေဒီ ၁၆၀၀ လောက်ကတည်းက စတင်တည်ရှိပြီဖြစ်သော်လည်း၊ ယခုလက်ရှိ ဖလမ်းမြို့ဟာဆိုရင် ဗြိတိသျှစခန်း အနေနဲ့စတင်ပြီး ၁၈၉၂ တွင်စတင်ရှိခြင်းဖြစ်ပါတယ်။ ထို့ကြောင်း ဖလမ်းမြို့၏ နှစ် (၁၀၀) ပြည့်ပွဲတော်ကို ၁၉၉၂ မေလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတယ်။ ဒီနှစ် ၂၀၁၄ မှာဆိုရင် သက်တမ်း ၁၂၂ နှစ်ရှိပြီဖြစ်သည်။
ဖလမ်း(သို့) ကွဲပြားသောအမည် အခေါ်အဝေါ်များ
မျိုးနွယ်စုပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ ဖလမ်းမြို့ဟာ ကွဲပြားတဲ့အခေါ်အဝေါ်အမည်တွေနဲ့ အမျိုးမျိုး ခေါ်တွင်ခဲ့ကြတယ်။ ဖလမ်းမြို့အရှေ့ခြမ်းမှာနေထိုင်ကြတဲ့ တာစွန်း (Taisun)၊ ခွာလ်ဆင်းမ် (Khualsim)၊ ဇာညက် (Zangeit) နဲ့ ငေါန် (Ngawn) မျိုးနွယ်စုတွေက ဖလမ်းမြို့ကို Kip Bik (သို့) ဗလိုင် (Balai) လို့ ခေါ်ဝေါ်ကြတယ်။ Kip Bik ဟာ တာရွန်းမျိုးနွယ်တစ်ဦးဖြစ်ပြီး ဖလမ်းမြို့တည်ရှိတဲ့နေရာမှာ ယခင်ကပိန်းဥများစွာစိုက်ပျိုးခဲ့သူဖြစ်တယ်။ သူ့ရဲ့နာမည်ကို အစွဲပြုခေါ်တွင်ပြီ်း ကိပ်ဘိခ် (သို့) ပိန်းဥများစိုက်ပျိုးတူးဆွရာအရပ် ဗလိုင်လို့ ခေါ်ခဲ့ကြတယ်။ လိုင်ဇိုးမျိုးနွယ်စုတွေကလည်း လူမျိုးပေါင်းစုံစုဝေးနေထိုင်ကြရာအရပ် Tlanglo သို့ Tlanghmun လို့ ခေါ်ကြပြီး Zahau, Sim နဲ့ Hualngo မျိုးနွယ်တွေကလည်း Farthawk (ဖါရ်ထောက်) လို့ခေါ်ဝေါ်ခဲ့ကြသည်။ ကုလား (Kalar) သို့ Vai လို့ခေါ်တွင်သူတွေလည်းရှိခဲ့ပါတယ်။ဘိုးဘေးများခေတ်မှသည် ဗြိတိသျှအစိုးရခေတ်သို့
“ချင်း” လို့ မိမိကိုယ်ကို သတ်မှတ်ခဲ့ကြတဲ့ Phurh Hlum, Pu Thuan Khai နှင့် Pu Hlawn Ceu တို့ဟာ လိုင်လွန်အရပ်မှာ ပထမဆုံးရောက်ရှိလာကြပြီး အခြေစိုက်နေထိုင်ခဲ့ကြတယ်။ နှစ်တွေကြာလာ တဲ့အခါ လိုင်လွန်ကနေ ကိုယ့်မျိုးနွယ်စုနဲ့ကိုယ် ခွဲထွက်ခဲ့ကြပြီး ရွာငယ်တွေတည်ခဲ့ကြတယ်။ ခွဲထွက်ခဲ့ကြတဲ့ မျိုးနွယ်စုတွေကြားမှာ ငြိမ်းချမ်းမှု၊ စည်းလုံးညီညွတ်မှုမရှိဘဲ သြဇာလွှမ်းမိုးအသာစီးရရန် ကြိုးပမ်းရာတွင် တိုက်ခိုက်မှုများမကြာခဏ ဖြစ်ပွားလေ့ရှိတယ်။ တာရွန်းမျိုးနွယ်စုအတွင်းမှာ လူထုဆန္ဒအလျှောက် ရွေးကောက်ပွဲအုပ်ချုပ်ရေးစနစ် ဟာ အေဒီ ၁၇၀၀-၁၈၀၀ ၀န်းကျင်မှစပြီး ရှိခဲ့ပေမယ့် ကျန်တဲ့မြို့နယ်တွေမှာ တော့ သားစဉ်မြေးဆက် ဆင့်ခံအုပ်ချုပ်တဲ့စနစ်ကိုပဲ ကျင့်သုံးခဲ့ကြတယ်။ ၁၉ ရာစုမတိုင်မီတွင်မူ ပေါင်းစီးညီညွတ်သော နိုင်ငံရေးစနစ် မရှိခဲ့သော်လည်း ခိုင်မြဲတောင့်တင်းသော လူမှုအသင်းကိုကား တည်ဆောက်ခဲ့ပြီးဖြစ်သည်။ ဗိုလ်ကြွန်ဘိခ် ဦးဆောင်တဲ့ တာရွှန်းကောင်စီ လက်ထက်မှာ ဖလမ်း ရဲ့ အာဏာစက်ဟာ အထွက်အထိပ်သို့ ရောက်ရှိခဲ့ချိန်ဖြစ်သည်။ သူတို၏အာဏာဟာ ကြီးမားကျယ်ပြန့်ခဲ့တယ်ဆိုပေမယ့် နယ်အလိုက်အုပ်ချုပ်မှုတွေနဲ့ မျိုးနွယ်စုအရေးတွေ မှာ ပါဝင်စွက်ဖက်ခဲ့ခြင်းမရှိပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်ကိုသာ လွတ်လပ်စွာ ကျင့်သုံးခဲ့ကြတယ်။ မျိုးနွယ်စု အရေးကိုမူ ဖလမ်းကောင်စီက ဖလမ်းရွာရှိ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းပြီး၊ အရေးကြီးသော ကိစ္စများအတွက်တွင်မူ (ဥပမာ-စစ်ရေး) ပို၍ကျယ်ပြန့်သော မျိုးနွယ်စု (ဥပမာ-Zahau, Hualngo) တို့နှင့် တိုင်ပင်လေ့ရှိုသည်။ ဖလမ်းကောင်စီ (တာရွှန်း) သည် ချင်းလူမျိုးများအားလုံးအပေါ်တွင် သြဇာသက်ရောက်မှုမရှိသော်လည်း အင်အားအတောင့်တင်းဆုံးသော မျိုးနွယ်စုအဖြစ် ပေါ်ထွန်းခဲ့ပြီး အခြားမျိုးနွယ်စုများမှ နောင်တော်ကြီးနေရာတွင် ထားခဲ့ကြသည်။ အခွန် ဘဏ္ဍာကိုတော့ ဖလမ်းရွာမ မှာပဲ ပေးဆောင်ဆက်သခဲ့ကြပါတယ်။ ဖလမ်းရွာမဟာ စီးယင်းနဲ့ တီးတိန်မြို့နယ်တွေ အတွက်လည်း အတိုင်ပင်ခံဖြစ်ခဲ့တယ်။ ပုန်ကန်ထကြွမှုတွေကို ဖလမ်းကဦးဆောင်ကာ ဖြေရှင်းလေ့ရှိတယ်။တောင်ယာလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ခဲ့ကြတဲ့ ချင်းလူမျိုးတွေအတွက် တောင်ယာထွက် ကောက်ပဲသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်ကို စားသုံးခဲ့ကြပြီး ငါးမျှားခြင်း၊ အမဲလိုက်ခြင်းကနေရရှိတဲ့ အသား ငါးတွေကို စားသုံးခဲ့ကြတယ်။ လူနေအိမ်ဆောက်ဖို့နဲ့ အခြားလိုအပ်တဲ့သစ်ဝါးတွေကို တောထဲကနေ ခုတ်ယူပြီး အသုံးပြုခဲ့တယ်။ အဝတ်အထည်အတွက်ဆိုရင်လည်း ကိုယ်တိုင်စိုက်ပျိုးတဲ့ ဝါဂွမ်းတွေကို ချည်ငင်ပြီး ယက်လုပ်ဆင်မြန်းခဲ့ကြတယ်။ တာရွှန်းနဲ့ လဲင်သဲရွာတွေမှာ အိုးလုပ်ငန်းလုပ်ကိုင်ကြပြီး ခိုင်ခန့်အသုံးဝင်လှတဲ့ မြေအိုးတွေသွန်းလုပ်ခဲ့တယ်။ တာရွှန်းတို့သည် မြေပြန့်ရှိ ကလေးစော်ဘွားများနှင် ကုန်သွယ်ရေးလုပ်ငန်များ ပြုပ်လုပ်ခဲ့ကြပြီး ဆား၊ သံ နှင့် လက်ဝတ်ရတနာများ အား တောင်ပေါ်ထွက် ပျားဖယောင်း၊ တိရစာန်ဦးချို၊ ဖျာ စသည်တို့ဖြင့် ကုန်သွယ်ခဲ့ကြသည်။ ထို ဆား၊ သံ၊ လက်နက် နှင့် လက်ဝတ်ရတနာများ အား ချင်းတောင်တစ်လျောက်သို့ ထပ်ဆင့် ရောင်းဝယ်ခဲ့ကြသည်။ ဆားမှာမူ Tlauhmun ရွာတွင်လည်း ချက်လုပ်ခဲ့ပါတယ်။
ဗြိတိသျှ အစိုးရအုပ်ချုပ်တဲ့ခေတ်မတိုင်ခင်ထိ ရောင်းဝယ်ဖောက်ကားရာမှာ ငွေသားမသုံးပဲ ပစ္စည်းချင်း ဖလှယ်တဲ့စနစ်ကိုပဲ ကျင့်သုံးကြတယ်။ (ဥပမာ- Lente ကနေ Zahau နယ်ဘက်အိုးရောင်းတဲ့ လူတစ်ယောက်က ပြောင်းဖူး(သို့)ကြိုက်ရာကောက်ပဲသီးနှံတွေနဲ့ သူရောင်းတဲ့အိုးတွေကိုလဲနိုင်တယ်။ ရောင်းတဲ့ အိုးအကြီး အသေးပေါ်မူတည်ပြီး ကောက်ပဲသီးနှံတွေကို ချိန်တွယ်လဲလှယ်ရပါတယ်။) ဖလမ်းမြို့ထဲမှာတော့ ငွေသားအသုံးပြုတဲ့စနစ်တွေ ရှိခဲ့ပေမယ့်မြေပြန့်နဲ့ ကူးသန်းရောင်းဝယ်တဲ့အခါမှာပဲ အသုံးပြုခဲ့ကြတယ်။ အချိန် အတွယ်တွေကို “Seu, Sen, Khing” စတဲ့ အသုံးနှုန်းတွေနဲ့ တွက်ချက်ပြီး ရောင်းဝယ်ခဲ့ကြသည်။ ကိုယ်တိုင်သွင်းလုပ်တီထွင်ကြတဲ့ ကြေးစည်နဲ့ဗုံတွေကို တီးပြီး ဂီတအနုပညာကို ဖန်တီးခဲ့ကြတယ်။ ရိုးရာတေးသီချင်းတွေနဲ့ ကဗျာတွေကို စပ်ဆိုပြီး ကခုန်ပျော်မြူးခဲ့ကြတယ်။ တောစောင့်နတ်၊ တောင်စောင့်နတ် တွေကိုပဲ ယုံကြည်ကိုးကွယ်ကြတဲ့အလျှောက် အခါကြီးရက်ကြီးတွေမှာ နတ်ပူဇော်ပသတဲ့ ဓလေ့တွေလည်း ရှိခဲ့တယ်။ အဲဒီခေတ်မှာ လူတစ်ယောက်ရဲ့ချမ်းသာကြွယ်ဝမှုကို သူပေးကမ်းလှူဒါန်းနိုင်တဲ့ အတိုင်းအတာကို ကြည့်ပြီး သတ်မှတ်လေ့ရှိတယ်။ အလှူဒါနပြုတဲ့ပွဲတွေကိုချင်းလို “Con Lam” ကခုန်ပွဲ လို့ခေါ်ကြပြီး အဲဒီ “Con Lam” ပွဲတွေမှာ”Khuang Cawi” ပွဲဟာ အမြင့်မြတ်ဆုံးနဲ့ အကြီးကျယ်ဆုံးပွဲဖြစ်ခဲ့တယ်။ တော်ရုံချမ်းသာမှု လောက်နဲ့ မဖြစ်မြောက်နိုင်တဲ့ Khuang Cawi ပွဲ ပြုလုပ်နိုင်တဲ့သူတွေဆိုရင် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် အရေးပေး၊ လေးစားခြင်းခံရတဲ့အပြင် အဖွဲ့အစည်းတွေမှာလည်း ခေါင်းဆောင်အဆင့်အထိ တင်မြှောက်ခြင်း ခံရတဲ့သူတွေဖြစ်ခဲ့တယ်။
ဗြိတိသျှ အစိုးရခေတ်
ဗြိတိသျှအစိုးရလက်ထက်မှာတော့ မျိုးနွယ်စုတိုက်ပွဲတွေချုပ်ငြိမ်းခဲ့ပြီး ဖလမ်းမြို့သစ်မှာ ရွာဘက်မှ စတင်ရွှေ့ပြောင်းလာကြသည်။ ဗြိတိသျှ အစိုးရက ချင်းတောင်ကို (Chin Hill Regulation Acts 1896) ဥပဒေနှင့်အညီ အုပ်ချုပ် ခဲ့ပြီး ချင်းပြည်နယ်တောင်းပိုင်းတစ်ခုလုံးကိုလည်း ဖလမ်းမြို့မှ အုပ်ချုပ် ခဲ့တယ်။ ဖလမ်းမှာ စတင်အခြေစိုက်နေထိုင်ကြတဲ့ချိန်မှာ ဗြိတိသျှ လက်အောက်ခံ ဝန်ထမ်းတွေနဲ့ စစ်သားတွေသာနေထိုင်ခဲ့ကြတယ်။ ကားလမ်း၊ စာသင်ကျောင်း၊ ဘောလုံးကွင်းစတဲ့ မြို့အင်္ဂါရပ်နဲ့ညီညွတ်တဲ့ လိုအပ်ချက်တွေကိုလည်း အကောင် အထည်ဖော်ဆောက်လုပ်ခဲ့တယ်။ အစိုးရဝန်ထမ်းအဖြစ် တနယ်တစ်ကျေးကပြောင်းရွှေ့လာတဲ့သတွေလည်း များစွာရှိခဲ့တယ်။ နီပေါ၊ အိန္ဒိယနိုင်ငံနဲ့ ဖလမ်းမြို့ပတ်ဝန်းကျင်ကျေးလက်ကနေ ပြောင်းရွေ့လာတဲ့သူတွေလည်းရှိလာခဲ့တယ်။ ဖလမ်းမှာ ပြောင်းရွေ့နေထိုင်လာကြတဲ့သူတွေများလာသည်နှင့်အမျှ အဆောက်အဦး၊ အိမ်ရာတွေနဲ့အစား အသောက်တွေများစွာလိုအပ်ခဲ့တယ်။ လက်သမားမရှိတဲ့ချင်းတောင်မှာ အဆောက်အအုံတွေဆောက်လုပ်ဖို့ မြေပြန့်ဘက်ကနေ တရုတ်လက်သမားဆရာတွေများစွာရောက်ရှိလာကြပြီး ယခုမြို.ဟောင်း (Dawr Hlun) ရပ်ကွက်မှာ အခြေစိုက်နေထိုင်ခဲ့ကြတယ်။ ထိုအချိန်က တည်ထောင်ထားတဲ့ တရုတ်စာသင်ကျောင်း ကိုလည်း ဖလမ်းမှာယနေ့တိုင်တွေ့မြင်နိုင်ပါတယ်။ ဖလမ်းမြို့က တရုတ်ကပြားမိသားစုတွေဟာ အများစုကတော့ တရုတ်လက်သမားဆရာ တွေကနေ ဆင်းသက်သူတွေဖြစ်ပါတယ်။အစားအသောက်အတွက် လိုအပ်တဲ့စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ ဗြိတိသျှ တွေခေါ်ဆောင်လာတဲ့ နီပေါနိုင်ငံဘက်ကလူတွေလည်း ရောက်လာကြတယ်။ ဥပမာ-ဖလမ်းမြို့နယ်ထဲက လုံရမ်း(Lungrang)ရွာ စတည်ခဲ့တဲ့ Pu Bijulethapa (Aasa Pu) ဆိုရင်လည်း လတ်ဆတ် တဲ့ ဟင်းသီးဟင်းရွက်နဲ့ နွားနို့တွေစားသုံးနိုင်ဖို့ နီပေါနိုင်ငံကနေ ၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ် တို့ခေါ်ဆောင်လာ တဲ့သူဖြစ်တယ်။ သူနဲ့အတူ ရောက်ရှိလာကြတဲ့ နီပေါနိုင်ငံသားတွေဟာ လုံပီး၊ တလန်ရော်န်၊ တားလ်စတဲ့ ရွာတစ်ဝိုက်မှာ နေထိုင်ကြပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ကြတယ်။ အင်္ဂလိပ်တို့ ထွက်ခွါ သွားတဲ့နောက်ပိုင်းမှာလည်း မိမိနေရပ်ကို မပြန်တော့ဘဲ Pu Biju Lethapa ဟာဆက်ပြီးနေထိုင်ခဲ့တယ်။ ရေမြေကောင်းရာရွေးချယ်ပြီး ယခုလုံရမ်း(Lungrang) ရွာကိုတည်ခဲ့တယ်။ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်း တွေလုပ်ကိုင်ကြပြီး ယနေ့တိုင်စားဝတ်နေရေးအတွက် ဖလမ်းမြို့ကိုပံ့ပိုးပေးတဲ့ရွာတွေအဖြစ် ရပ်တည်ဆဲဖြစ်ပါတယ်။ နီပေါနိုင်ငံဘက်ကနေ ပြောင်းရွေ့လာကြသူတွေနဲ့ စစ်မှုထမ်းတဲ့စစ်သားတွေဟာ အချို့နေရာထိုင်ခင်း အဆင်မပြေမှုတွေကြောင့် နေရပ်ပြန်သွားကြတဲ့သူတွေလည်း ရှိခဲ့တယ်။ နီပေါနိုင်ငံဘက်ကယူဆောင်လာတဲ့ လက်ဆောင်မွန်အဖြစ် နံနံ၊ ဂေါရ်ခါးသီး၊ Caleri၊ ကြက်သွန်မြိတ်နဲ့ ပူစီနံစတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်ပင်တွေကို ရရှိစားသုံးခဲ့ရပါတယ်။ ဂေါ်ရခါးသီးပင်ဆိုရင် ဖလမ်းမြို့မှာရှိတဲ့ အိမ်တိုင်းနီးပါး စိုက်ပျိုးခဲ့ကြတယ်။ ကျွန်တော်တို့အိမ်မှာဆိုရင်လည်း ကြော်တလှည့်၊ ပြုတ်တလှည့်နဲ့ မနက်၊ည အပြောင်းအလဲမရှိ စားသုံးခဲ့ရတာကြောင့် ဂေါ်ရခါးသီးဟင်းကို မုန်းခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ရေမြေခြား ရောက်ရှိတဲ့အချိန်မှာတော့ ကျွန်တော်အတောင့်တဆုံးဟင်းဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ချင်းတောင်မှာ သာသနာပြုရောက်လာတဲ့ Laura Carson ကလည်း အရောင် အသွေးစုံလင်လှတဲ့ ပန်းပင်မျိုးစေ့များစွာကိုလည်း USA ကနေ ယူဆောင်လာခဲ့တယ်။ ချင်းတောင်ကို အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်တွေကလည်း သူတို့နိုင်ငံက ယူကလစ်ပင်တွေကို မှာယူပြီးစိုက်ပျိုးပေးခဲ့တယ်။ ကျွန်တော် မှတ်မိတဲ့အထိ အဲဒီယူကလစ်ပင်တွေကိုတွေ့မြင်နိုင်ခဲ့တယ်။
အပိုင်း (၂) ဆက်ဖတ်ရန်
http://www.chinworld.info/?p=2561
No comments:
Post a Comment
ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/
ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်