သာသနာရေး (သို့) ဖလမ်းနယ်မှ ကနဦးယုံကြည်သူများ
တောတောင်စောင့်နတ်တွေကိုသာ ယုံကြည်ကိုးကွယ်ခဲ့တဲ့ ချင်းတောင်မှာ ပထမဆုံး သာသနာပြု ရောက်ရှိလာတဲ့သူတွေကတော့ Rev. A.E Carson နဲ့ဇနီး Laura H Carson တို့ ဖြစ်ပါတယ်။ သူတို့နှင့်အတူ အမေရိကန် နှစ်ခြင်းသာသနာအဖွဲ့ချူပ်ကနေစေလွှတ်ခဲ့တဲ့ ကရင်လူမျိုး သာသနာပြုဆရာတွေလည်း ရောက်ရှိလာခဲ့ပြီး သာသနာပြုအမှုဆောင်ခဲ့ကြတယ်။ချင်းပြည်နယ်အတွက်အမှောင်ခွင်းပြီး အလင်းဆောင်လာကြတဲ့သူတွေဖြစ်တယ်။ ခေတ်နောက် ကျလှတဲ့ ချင်းလူမျိုးတွေကြားမှာ အသက်စတေးပြီး သာသနာပြုခဲ့ကြတယ်။ သူတို့တတွေရဲ့ဟောပြောသွန်သင်မှုနဲ့ လုံဘမ်းရွာသား Pu Thang Sin ဟာ ပြောင်းလဲခဲ့ပြီး ဖလမ်းနယ်မှာ ပထမဆုံး နှစ်ခြင်း ခရစ်ယာန်ယုံကြည်သူဖြစ်လာခဲ့တယ်။ Pu Thang Sin ရဲ့ ဟောပြော သွန်သင်မှုကနေ Pu Cong Kham ဟာလည်း ယုံကြည်သူအဖြစ် အသက်တာပြောင်းလဲခဲ့ပြီး Pu Thang Sin ကို ၁၉၀၆ခုနှစ်၊ စက်တင်ဘာ (၅) နဲ့ Pu Cong Kham ကို ၁၉၀၇ မတ်လ (၃၁) မှာ သိက္ခာတော်ရဆရာ Rev.A E Carson ကအသီးသီးနှစ်ခြင်းပေခဲ့ပြီး ပထမဆုံးခရစ်ယာန်ယုံကြည်သူများ ဖြစ်လာခဲ့တယ်။ ထိုအချိန်က ခရစ်ယာန်ဘာသာကိုမလိုလား တဲ့ တောစောင်နတ်ကူးကွယ် သူတွေက နည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်ခဲ့ကြပေမယ့် Pu Thang Sin နှင့် Pu Thang Sin တို့ဟာ ညှင်းပန်းနှိပ်စက်မှုဒဏ်တွေကို လည်စင်းခံခဲ့ကြပြီး သူတို့ရဲ့ယုံကြည်မှုကို သက်ဆုံးတိုင် ဆုပ်ကိုင်ခဲ့ကြတယ်။
အမေရိကန် နှစ်ခြင်းသာသနာအဖွဲ့နှင့်အတူ လိုက်ပါခဲ့တဲ့ ကရင်သာသနာပြုဆရာတွေဟာ ချင်းတောင်ကို ရောက်ရှိလာကြပြီး ချင်းလူမျိုးတွေကြားမှာ သာသနာပြုခဲ့ကြတယ်။ ကရင်သာသနာပြုဆရာ များရဲ့ ဟောပြောသွန်သင်မှုအားဖြင့် လုံဘမ်းရွာက Pu Thang Sin နဲ့ ဘွာလ်ခွားရွာမှ Pu Cong Kham တို့ဟာ ယုံကြည်သူများအဖြစ် ပြောင်းလဲနှစ်ခြင်းခံခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး ဖလမ်းမြို့နယ်မှာ နှစ်ခြင်းခရစ်ယာန်သာသနာဟာ ပြန့်ပွားခဲ့ပါတယ်။ ၁၉၃၃ ခုနှစ်မတိုင်ခင်ထိ ဖလမ်းမြို့မှာ နှစ်ခြင်း(Baptist) ကလွဲပြီး အခြားဂိုဏ်းတွေမရှိခဲ့ပါဘူး။
အသင်းသား(၁၀ဝ)ခန့်ရှိတဲ့ နှစ်ခြင်းအသင်းတော်သားများဟာ ကရင် သာသနာပြုဆရာတွေနဲ့ ဖလမ်းမြို့က အစိုးရစာသင်ကျောင်း (ယခု အ.မ.က ၃) မှာ စုဝေးပြီး အတူတကွဝတ်ပြု အစည်းဝေးတွေပြုလုပ်လေ့ရှိတယ်။ ယုံကြည်ချက်ခိုင်မာပြီး စည်းလုံးညီညွတ်မှုရှိတဲ့ နှစ်ခြင်းအသင်းသားများ ဟာ တစ်နေ့တစ်ခြား တိုးများလာခဲ့ရာကနေ ယနေ့မြို့ဟောင်းရက်ကွက်ရှိ ဒိုဘီချောင်းအနီးမှာ ဘုရားကျောင်းတစ်ဆောင်ကို (၁၉၃၃)ခုနှစ် မှာ စတင် တည်ဆောက်ခဲ့ပါတယ်။ အသင်းသားတိုးပွားလာသည်နှင့်အမျှ နေရာသစ်ရှာဖွေခဲ့ကြရာ ယခုမက်သဒစ်အသင်းတော်တည်ရှိတဲ့နေရာမှာလည်း ၁၉၅၈ ခုနှစ်မှာ နောက် တစ်ဆောင်တည်ဆောက်ခဲ့ပြီး နောက် ယနေ့ဖလမ်းမြို့ရဲ့ ကျက်သရေဆောင်ဖြစ်တဲ့ ဖလမ်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းကြီး (F.B.C) ကို ၁၉၈၃ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(Chin Baptist Church) ယခင်(ZBC) ကို ၁၉၅၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့တယ်။
Roman Catholic ဂိုဏ်းဟာ ဖလမ်းမြို့နယ် လုံဘမ်းရွာမှာ ၁၉၁၀ ၀န်းကျင်တွက် ပထမဆုံးရောက်ရှိခဲ့ပြီး ထိုမှတဆင့် ဖလမ်းမြို့နဲ့ ကျေးလက်ဒေသတွေမှာ ပျံ့ပွားခဲ့ပြီး ယနေ့ဇန်ကာအို တော်ငရှိ ဖလမ်းမြို့R.C ဘုရားကျောင်းကြီးကို (၁၉၇၉) ခုနှစ်မှာ တည်ဆောက်ခဲ့ကြတယ်။ အခြားဂိုဏ်ခွဲများအနေနဲ့ ပရက်စ်ဘိုင်တေးယန်း (Presyterians) ဂိုဏ်းမှ (၁၉၅၇)မှာ သိက္ခာတော်ရဆရာ Rev. Than Kap နဲ့ ၁၉၅၉ မှာ Rev. Lal Thanga တို့ဟာ ဖလမ်းမြို့ကိုရောက်ရှိလာကြပြီး အသင်းတော်ထူတောင်ခဲ့ကြတယ်။ ဘာသာတူညီပေမယ့် ယုံကြည်သက်ဝင်မှုပုံစံကွဲပြားတဲ့ ဂိုဏ်ခွဲငယ်တွေ များပြားလာခဲ့ပြီး အသင်းတော်များလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဖလမ်းမြို့မှာ ခရစ်ယာန်ဘာသာယုံကြည် သူများသာမက ဗုဒ္ဓ၊ ဟိန္ဒူနဲ့ မွတ်စလင်ဘာသာကိုးကွယ်သူတွေလည်း ယနေ့တိုင် ရှိနေဆံပင်ဖြစ်သည်။
ပထမကမ္ဘာစစ်နှင့်ဖလမ်း
ကမ္ဘာစစ်ကြီးအတွင်း ပြင်သစ်နိုင်ငံ တွင် ဗြိတိသျှတို့၏စစ်ကူ အလုပ်သမားအဖြစ် သွားလိုသောသူများကိုချင်းတောင်တန်း နှင့် လူရှိုင်းတောင်တန်း ၌ ရှာဖွေစုဆောင်းခဲ့ကြသည်။ ၁၉၁၇ခုနှစ်တွင် တီးတိန် (ဇိုမီး) ဘက်မှ အလုပ်သမား ၁၁၀၅ဦး၊ လူရှိုင်းတောင်းတန်းဒေသမှ ၂၁၀၀ ဦး တို့ပြင်သစ်နိုင်ငံသို့သွားရောက်ခဲ့ကြသည်။ ဖလမ်းဒေသမှလည်း လုမ်ဘမ်းတိုက်သူကြီး ဦးလှူရန်မှုန်မှ သူအုပ်ချုပ်သော ဒေသမှ အလုပ်သမား (၁၅၀) ဦးအား သူကိုယ်တိုင်ဦးဆောင်ကာ ပြင်သစ်နိုင်ငံသို့ ဗြိတိသျှတပ်များအား သွားရောက်ကူညခဲ့ကြသည်။ ထိုသို့ အလုပ်သမားစုစောင်းမှုအား မလိုလားပဲ Thado-Kuki နှင့် Hakha ၁၉၁၇ နှစ်ကုန်ပိုင်းတွင် စတင် ဆန့်ကျင်ခဲ့ကြသည်။ ဖလမ်းဒေသတွင်လည်း Sim မျိုးနွယ်စုမှ ခွန်လီ (Khuangli) ရွာသားတို့သည် Pu Sang Cung Nung မှခေါင်းဆောင်ကာ ဖလမ်းကို ချီတက်ပြီး ဇာမွာလ်(Zamual) ရွာမှာစခန်းချတပ်စွဲခဲ့ကြတယ်။ Pu Sang Cung Nung ဦးဆောင်လာတဲ့တပ်စုကို Zamual ရွာသားတွေကဖလမ်းစခန်းကိုမတိုက်သင့်ကြောင်း၊တကယ်လို့ဖလမ်းစခန်းကိုအနိုင်တိုက်နိုင်တယ်ဆိုရင်တောင်ကလေးမြေပြန့်ဘက်မှာတပ်စွဲထားတဲ့ဗြိတိသျှစစ်တပ်ကိုအနိုင်ယူနိုင်မည်မဟုတ်ကြောင်းနဲ့လက်နက်အင်အားလူအင်အားမမျှကြောင်းပြောဆိုဖျောင်းဖြခဲ့ကြပေမယ့်လက်မခံဘဲဆက်လက်ချီတက်ခဲ့ကြတယ်။ Khuangli တို့ရဲ့ပုန်ကန်တော်လှန်မယ့်သတင်းကို အခိုင်အမာရရှိထားပြီးဖြစ်တဲ့ ဗြိတိသျှစစ်တပ်တွေက ဖလမ်းမြို့အဝင်ကျင်မွာလ်(Cinmual) တောင်ခြေအရောက်မှာ တပ်သား ၅၀ မှစောင့်ဆိုင်းခဲ့ကြသည်ကို Khuangli တို့မြင်သောအခါ လက်နက်ချခဲ့ကြရသည်။ ဗြိတိသျှအစိုးရ ကိုတော်လှန်ပုန်ကန်ခဲ့တဲ့ အပြစ်ဒဏ် အနေနဲ့ Khuangli ရွာသားတို့ကို ကျင်မွာလ်တောင်ပတ်လမ်းနဲ့ ကျင်မွာလ်ဘောလုံးကွင်းဆောက်လုပ်ဖို့ စေခိုင်းခဲ့ပြီး လူအင်အားနဲ့သုံးလလုံးလုံးဖောက်လုပ်ခဲ့ကြရသည်။ဗြိတိသျ အစိုးရဟာ ချင်းပြည်နယ်ကို သိမ်းပိုက်ပြီး မကြာမီမှာ ချင်းတောင်တပ်ရင်း (Chin Hills Battallion) ကို စတင်တည်ထောင်ခဲ့ပြီး ဖလမ်းကို စစ်ရုံးချုပ်အဖြစ် ၁၉၁၅ တွင် Fort White မှ ပြောင်ရွှေ့ခဲ့တယ်။ ၁၉၁၄ ခုနှစ်တွင် ၅၆ ဦးပါဝင်သော ချင်းတောင်တပ်ရင်း (Chin Hills Battalion) သည် အိန္ဒိယတပ်ရင်းထဲတွင် ပါဝင်အမှုထမ်းရင်း ၄၂ ဦးမှာအသက်ပေးလှူခဲ့ရသည်။ ဗြိတိသျ စစ်တပ်မှာ ဝင်ရောက်စစ်မှုထမ်းခဲ့တဲ့ ချင်းလူမျိုးတပ်သားများစွာရှိခဲ့တယ်။ ချင်းလူမျိုးတွေအတွက် ဗြိတိသျစစ်တပ်ထဲစစ်မှုထမ်းခြင်းက ပညာသင်ကြားနိုင်ခြင်းနဲ့ လစာအထောက်ရနိုင်တဲ့ အခွင့်လမ်းတစ်ရပ်လို ဖြစ်ခဲ့တယ်။ ရပ်ဝေးမှာစစ်မှုထမ်းပြီး နေရပ်ကိုပြန်လည်ရောက်ရှိလာတဲ့ စစ်မှုထမ်းတွေအတွက် မိမိကြိုက် နှစ်သက်တဲ့ အပျိုလေးတွေကို ခေါင်းခေါက်ရွေးချယ်လို့ရတဲ့အထိ အခွင့်ထူးပိုင်ဆိုင်တဲ့သူတွေဖြစ်ခဲ့တယ်။ ချင်းလူမျိုး မျိုးနွယ်စုများအပြင် ဂေါ်ရခါး၊ Gharwal နဲ့ Kumaoms လူမျိုးတွေဖြစ်ခဲ့တယ်။ အဲဒီခေတ်မှာ ချင်းလူမျိုးတွေအတွက် အများသုံး ဘုံစကားမရှိခဲ့ တဲ့အတွက် ပါကစ္စန်နဲ့ အိန္ဒိယနိုင်ငံအချို့တွေမှာ သုံးတဲ့ (urdu) ဘာသာစကားဟာ တပ်ရင်းသုံး ဘာသာစကား ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ချင်းလူမျိုးတွေကြားမှာ ယနေ့တိုင်သုံးနှုန်းပြောဆိုကြတဲ့ (Are!, Rizai, Sala!, Aalu, Pan) စတဲ့အသုံးနှုန်းတွေဟာ တစ်ချိန်က တပ်ရင်းသုံး ဘာသာစကားဖြစ်ခဲ့တဲ့ (Urdu) ဘာသာစကားကနေ ဖလမ်းစကားအဖြစ် ပြောင်းလဲသုံးနှုန်းကြတဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။
ဗြိတိသျှခေတ် ပညာရေးနှင့်စာသင်ကျောင်း
အမေရိကန်နိုင်ငံကနေ စေလွှတ်ခဲ့တဲ့ ကရင်နှစ်ခြင်းသာသနာပြုတွေဟာ ချင်းတောင်ကို ရောက်ရှိလာကြပြီး ၁၉၀ဝ ခုနှစ်မှာ ကာဆင်တို့ဦးဆောင်ပြီး Hakha၊ ၁၉၀၂ မှာ ဆရာ ဖိုကုန်းဦးဆောင်ပြီး တီးတိန်၊ ၁၉၀၄ ခုနှစ်မှာ ဆရာရွှေဇံ ဦးဆောင်ပြီး Khuasak နဲ့ ၁၉၀၅ မှာ ဆရာဖိုကုန်သည် တီးတိန်မှ ပြောင်းရွှေံပြီး Tonzang မှာ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးခဲ့ကြတယ်။ အဲဒီသာသနာပြုကျောင်းတွေရဲ့ ကောင်းမွန်တဲ့ အကျိုးပြုမှုကို ဗိုလ်ကြွန်ဘိခ် ကတွေ့ သိမြင်ခဲ့ပြီး ဖလမ်းလူမျိုးတွေ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ဖို့ ပညာတတ်များစွာလိုအပ်ကြောင်း သုံးသပ်ခဲ့ပြီး စာသင်ကျောင်းများပေါ်ပေါက်လာရေးကို အကောင်အထည်ဖော်ခဲ့တယ်။ ဗိုလ်ကြွန်ဘိခ် နဲ့အတူ ဖလမ်းမျိုးနွယ်စုတွေနဲ့ ဗြိတိသျှအာဏာပိုင်တို့ စုဝေးခဲ့ကြပြီး အစည်းအဝေးတစ်ရပ်ကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးမှာ အင်္ဂလိပ် Political Officer ဖြစ်တဲ့ Mr.Carey လည်းတက်ရောက်ခဲ့တယ်။ ထိုအစည်းအဝေးမှာ စာသင်ကျောင်းဖွင့်လှစ်ဖို့ တောင်းခံခဲ့ကြပြီး သဘောတူညီမှုကိုလည်းရရှိခဲ့တယ်။ ယခု (အ.မ.က-၃) ကျောင်းတည်ရှိတဲ့နေရာမှာ ၁၉၀၆ ခုနှစ်မှာ မူလတန်းကျောင်းစတင် ဖွင့်လှစ်ခဲ့တယ်။ အဲဒီကျောင်းဟာ ၁၉၁၃ ခုနှစ်၊ (၇)တန်းအထိ ရှိခဲ့ပြီး မြန်မာစာနဲ့သင်ကြားရတဲ့ကျောင်းဖြစ်ခဲ့တယ်။ ဗြိတိသျ ရဲမှူး Captain J. E. D. Protheroမှလည်း လိုင်ဇိုသင်ရီုးညွန်တမ်းကို ၁၉၁၃ ခုနှစ်တွင်စုစည်း ထုတ်ဝေခဲ့သည်။ နောက်ထပ် အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြုရောက်ရှိလာတဲံ့ Rev.J. H Cope သည်လည်း ချင်း (လိုင်ဇို) စာပေထွန်းကားရေးအတွက် အဓိကအခန်းမှ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။၁၉၂၅ ခုနှစ်မှစတင်ကာ သင်ရိုးညွန်တမ်းအား ချင်းစာ (လိုင်ဇို) စာဖြင့် စတင်သင်ကြားခဲ့ပြီး မြန်မာစာ သင်ကြားခြင်းကို ရပ်နားခဲ့တယ်။ ချင်းလူမျိုးတွေအတွက် ကိုယ်ကျိုးစွန့်သာသနာပြုရင်း စာပေနှင့်ပညာရေးအတွက် Rev.J.H.Cope ရဲ့ ကြိုးပမ်းမှုအတွက် ဗြိတိသျှအစိုးရက Kaiser – I. Hind (K.I.H) ဘွဲ့ပေးအပ်ပြီးဂုဏ်ပြုခဲ့ပါတယ်။ ထိုအချိန်တွင်မူ ချင်းစာနဲ့ လေးတန်းအထိ သင်ကြားပြီး နောက် အင်္ဂလိပ်စာနဲ့ ချင်းစာတွဲဖက်ပြီး သင်ကြားခဲ့ရသောကြောင့် Varnarcular ကျောင်းလို့သတ်မှတ်ခေါ်တွင်ခဲ့ကြတယ်။ မြန်မာစာလိုအပ်ချက်ကို နားလည်သဘောပေါက်ခဲ့တဲ့ ဖလမ်းနယ်တိုက်သူကြီးတွေက မြန်မာစာပြန်လည်သင်ကြားဖို့တောင်းခံခဲ့ကြပြီး ၁၉၂၇ ခုနှစ်မှာ မြန်မာစာကို ပြန်လည်သင်ကြား ခဲ့တယ်။
အဲဒီခေတ်မှာ (၇)တန်းအထိ ပညာသင်ခဲ့တဲ့ကျောင်းသူ/ကျောင်းသားတွေအတွက် အစိုးရ အထောက် အပံ့နဲ့ ဆက်လက်ပညာသင်ကြားနိုင်ခြင်းမရှိခဲ့တဲ့အတွက် (၇)တန်းအထိဟာ ဆုံးခန်းတိုင်တဲ့ပညာရေး ဖြစ်ခဲ့တယ်။ အဲဒီ(၇)တန်းအောင်မြင်ကြတဲ့သူတွေဟာ အစိုးရဝန်ထမ်း အလုပ်မရနိုင်ခဲ့ရင် တောင်ယာလုပ်ငန်း ကိုသာ ပြန်လည်လုပ်ကိုင်ခဲ့ရပြီး ပညာတတ် တောင်ယာသမားတွေ ဖြစ်ခဲ့ရတယ်။ အစိုးရက တစ်နှစ်မှာ (၂)ယောက်ခန့်ကိုပဲ ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့တယ်။ ဥပမာ-ပညာသင်စရိတ်ထောက်ပံ့ကြေးရရှိနိုင်ဖို့ Pu Kham Chin Khai နှင့် Pu Lal Bik တို့ဟာ ၁၉၃၄ ပညာသင်ဆုအတွက် ယှဉ်ပြိုင်ခဲ့ကြပြီး Pu Lal Bik ကရရှိခဲ့တယ်။
ခုနှစ်တန်းအောင်ပြီး တောင်ယာလုပ်ကိုင်ကြတဲ့ S.T Haugo နှင့် သူငယ်ချင်း(၂)ယောက်တို့ဟာ၁၉၃၅ ခုနှစ်တွင် အထက်တန်းကျောင်းဖွင့်လှစ်မယ်ဆိုတဲ့သတင်းအားရရှိသည်နှင့် ဝေးလံလှတဲ့ တီးတိန်နယ်ကနေ ဖလမ်းအထိ ခြေကျင်ဖြင့်ရောက်လာကြပြီး အထက်တန်းကျောင်းတက်ရောက်နိုင်ဖို့ ကြိုးပမ်းခဲ့ကြတယ်။ ဖလမ်းမြို့နဲ့နီးတဲ့ တာရွှန်းရွာအောက်ရှိ Suangpi တံတား အရောက်မှာ သူတို့ကြားသိခဲ့ရတဲ့သတင်းဟာ အမှန်မဟုတ်ကြောင်း သူတို့သူငယ်ချင်း Zuk Cui ကပြောပြခဲ့တယ်။ ဒါပေမယ့် အားမလျော့၊ နောက်မလှည့်ပဲ ဖလမ်းကို အရောက်သွားခဲ့တယ်။ ဖလမ်းကို ရောက်ရှိကြတဲ့အခါ Haugo ကဗြိတိသျှအာဏာပိုင် Lt.Col Burne ကို ဝင်ရောက်တွေ့ဆုံခဲ့ပြီးအင်္ဂလိပ်လို “Good morning Siar, We came to attend High School” လို့ ပြင်းပြတဲ့ဆန္ဒနဲ့ထုတ်ဖော်နှုတ်ဆက်ခဲ့တယ်။ အဲဒါကို နားလည်သဘောပေါက်ပေးတဲ့ Lt.Col Burne ဟာ ကျောင်းအုပ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အကျိုး အကြောင်းရှင်းပြခဲ့တယ်။ အထက်တန်းကျောင်းတက်ရောက်လိုတဲ့ကျောင်းသားတွေကို ကျောင်းအုပ်ကြီးက ချက်ချင်းလက်ခံခဲ့ပြီး နောက်တစ်နေ့မှာဘဲ အတန်းစတင်သင်ကြားပေးခဲ့တယ်။ အဲဒီ့နောက်မှာ ကျောင်းအုပ် ဆရာကြီးနဲ့ Lt.Col Burne တို့ဟာအတန်းသစ်အတွက် လိုအပ်တဲ့အရာတွေကို ဆွေးနွေးတိုင်ပင်ပြီး ဆောင်ရွက်ခဲ့ကြ တယ်။ ဇွဲလုံ့လကောင်းလှတဲ့ တီးတိန် (ဇိုမီး) ကျောင်းသားသုံးဦးရဲ့တောင်းခံချက်အတိုင်း (၁၉၃၅-၃၆)ပညာသင်နှစ် မှာ အထက်တန်းကျောင်း (၈)တန်းစတင်ဖွင့်လှစ်ခဲ့တယ်။ (၁၉၃၆-၃၇)ပညာသင်နှစ်မှာ (၉)တန်းကိုလည်း ထပ်မံတိုးချဲ့ခဲ့ပါတယ်။ ဒါပေမယ့် ချင်းတောင်မှာ ဒုတိယကမ္ဘာစစ်ဆိုက်ရောက်လာခဲ့တဲ့ အချိန်မှာတော့ ကျောင်းတွေပိတ်ထားရပြီး သင်ကြားရေးအားလုံးရပ်နားခဲ့ရတယ်။
ဒုတိယကမ္ဘာစစ်နှင့် လွတ်လပ်ရေးခေတ်
ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားတဲ့အချိန်မှာ ဖလမ်းမြို့ဟာ အိမ်ခြေ(၂၀ဝ)ဝန်းကျင်ခန့်ရှိခဲ့တယ်။ ချင်းပြည်နယ်မှာ ဖက်ဆစ်ဂျပန်တို့ချီတက်လာတဲ့အချိန်မှာ ချင်းတောင်တပ်ရင်းနဲ့ ချင်းလေဗီ တွေက ခုခံ တိုက်ခိုက်ခဲ့ကြတယ်။ ဗြိတိသျှလက်အောက်ခံဖြစ်တဲ့ ဖလမ်းကို ဂျပန်တွေက ၁၉၄၃ နိုဝင်ဘာ (၁၁) မှာ ရယူ သိမ်းပိုက်ခဲ့ကြတယ်။ ဒါပေမယ့် မကြာပါဘူး ၁၉၄၄ အောက်တိုဘာ (၁၆) မှာ ဗြိတိသျှစစ်တပ်က ဂျပန်တွေကို တိုက်ထုတ် ပြီး အဲဒီနေ့ နေ့လည်(၁၂)နာရီမှာ ဖလမ်းထဲသို့ ဗြိတိသျှစစ်တပ်တွေ ပြန်လည်ဝင်ရောက်ခဲ့ကြတယ်။ ဗြိတိသျှစစ်တပ်ထဲတွင် ဖလမ်းနယ်ဒေသအသီးသီးမှ စစ်သားများသည်လည်း ပါဝင်အမှူထမ်းခဲ့ကြသည်။ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့နောက် ချင်းပြည်နယ်ကို ဗမာပြည်နှင့်အတူ လွတ်လပ်ရေးရယူကာ ပြည်ထောင်စုထဲမှာ ပါဝင်ဖို့သဘောတူညီ ခဲ့ကြပြီး လုမ်ဘန်းတိုက်သူကြီး Pu Hlur Hmung (I.D.S.M, A.T.M, B.E.M) ကို ဖလမ်းကိုယ်စားလှယ်အဖြစ် ၁၉၄၆ နှင့် ၁၉၄၇ ပင်လုံညီလာခံကြီးသို့ တက်ရောက်ခဲ့တယ်။ ချင်းတောင်ဟာ မြန်မာပြည်နဲ့အတူ လွတ်လပ်ရေးရရှိခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် မူဝါဒရရှိတဲ့ ချင်းအထူးဝိသေသတိုင်းအဖြစ် ရပ်တည်ခဲ့တယ်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်း အခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့ အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ ပေါ်ပေါက်လာခဲ့ပါသည်။ လွတ်လပ်ရေးရရှိပြီးတဲ့ နောက်ပိုင်း ဖလမ်းဟာ တိုင်းမြို့တော်ဖြစ်လာခဲ့သည်။
No comments:
Post a Comment
ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/
ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်