မင်းတပ်မြို့တွင်ကျင်းပသေား ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ - Photo Coutersy of U Maung Ha (Son of U Vum Thu Mawng)
မင်းတပ်မြို့တွင်ကျင်းပသေား ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ – Photo Coutersy of U Maung Ha (Son of U Vum Thu Mawng)
အပိုင်း (၁) မှအဆက် …….
ချင်းအမျိုးသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (ခ.မ.ည.ဖ) ခါင်းဆောင်များအား ဖမ်းဆီးခြင်း
မကွေးတိုင်းဝန်တော်ရှင်မင်း Mr.McCracken သည်ကန်ပက်လက်အဖြစ်အပျက် အကြောင်းစုံအား ဗဟိုအစိုးရ ကာကွယ်ရေးဌာန သို့တင်ပြခဲ့သည်။ ထို့အစီရင်ခံစာတွင် အဖွဲ့ခေါင်းဆောင်များအား ဖမ်းဆီးနိုင်ရန်အတွက် ချင်းတောင်စည်းမျဉ်းဥပဒေပုဒ်မ – ၁၄ (၁)(ဃ) အားအသုံးပြုခွင့်ပြုရန် လေးလေးနက်နက် အစီရင်ခံခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနပြန်စာ (စာအမှတ်၊ No.452 D(P) 39/ ၂၆-၂-၄၀ ရက်စွဲတပ်)
ကြေးနန်းပြန်စာတွင် ထိုဥပဒေသုံးစွဲရန် ဘုရင်ခံမှခွင့်ပြုကြောင်း၊ သို့သော် ကန်ပက်လက်နယ်တွင် အဘိုးကြီးတစ်ယောက်က ဒီလောက်လူစည်းရုံးနိုင်ပြီး ဆူပူသောင်းကျန်းနိုင်သည်မှာ ဘုရင်ခံစိတ်ပျက်ရကြောင်း၊ ထိုဒေသတွင် ဒီလောက်ဆူပူသောင်းကျန်းမှုမှာ အုပ်ချုပ်သူများ ညံ့ဖြင်းမှုသာဖြစ်ကြောင်း၊ အုပ်ချုပ်သူများအနေဖြင့် ဒေသငြိမ်းချမ်းရန် လူမှုတိုးတက်ရေးဘက်တွင် အလေးထား ဆောင်ရွက်သင့်ကြောင်း ပြန်ကြားလိုက်သည်။ ထို့နောက် ၀၉-၀၃-၁၉၄၀ တွင် မင်းတပ်ရဲတပ်ဖွဲ့မှ အရာရှိနှင့် ဦးဝမ္မသူးမောင်း ခေါင်းဆောင်သောအဖွဲ့ တို့တွေ့ဆုံပြီး ရဲအရာရှိမှ နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်မလိုက်ရန်၊ ဆက်လိုက်ဖြစ်ပါက ပုဒ်မ – ၁၄ (၁)( ဃ) အရအရေးယူမည်ဖြစ်ကြောင်း သတိပေခဲ့သည်။ Mr.McCraken တောင်းဆိုထားသည့် Frontier Force စစ်တပ်အင်အား ၅၀ သည်လည်း Captain Melville မှဦးဆောင်ကာ ၀၂-၀၃-၁၉၄၀ ရက်နေ့တွင် မင်းတပ်စခန်းသို့ ပျော်ဘွယ်မှ ရောက်ရှိလာခဲ့သည်။
Petittion from 16 Ro Hostages
Petittion from 16 Ro Hostages
၁၁-၀၃-၄၀ ရက်နေ့တွင် ချင်းတောင်အရေးပိုင် Mr.Naylor နှင့် Captain Melville တို့သည် အဖွဲ့ခေါင်းဆောင် ၃၂ ဦးတို့အား မင်းတပ်စခန်း၌ တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် အရေးပိုင်၏တောင်းဆိုချက်အရ အဖွဲ့မှ နိုင်ငံရေးမလိုက်ရန် ကတိပေးခဲ့ကြသည်။ အရေးပိုင်မှ အထက်သို့အစီရင်ခံရာတွင် အဖွဲ့မှသူ့အား နိုင်ငံရေးမလှုပ်ရှားမှုမပြုရန် ကတိပေးခဲ့သောကြောင့် ယခုအချိန်တွင်မူ မရေးယူဆောင်ရွက်ရန် မသင့်တော်ကြောင်း မကွေးတိုင်းဝန်တော်ရှင်မင်းထံသို့ အစီရင်ခံခဲ့သည်[1]။ သို့သော်အဖွဲ့သည် နိုင်ငံရေးလှုပ်ရှားမှုအား မရပ်မနားဆက်လက်ဆောင်ရွက်ကြပြီး စီးရုံးရေးလုပ်ငန်းများအား နယ်ပေါင်းစုံတွင် ဆောင်ရွက်ခဲ့ကြသည်။ ချင်းတောင်အရေးပိုင်သည် အဖွဲ့၏လှုပ်ရှားမှူသတင်းကြားသည်နှင့် အဖွဲ့ ခေါင်းဆောင် (၉) ဦးအား ၂၇-၀၃-၄၀ တွင် နိုင်ငံရေးလှုပ်ရှားမှုများ ဆက်မလိုက်ရန် ခေါ်ပြောခဲ့သည်။ ဒီတစ်ခါတွင်မူ ဦးဝမ္မသူးမောင်းက နိုင်ငံရေး လှုပ်ရှားမှုများအား ရပ်တန့်မည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် အဖွဲ့အားမတရားအသင်းကြေငြာရန် နှင့် အဖွဲ့ခေါင်းတောင်များအား ဓာစာခံအဖြစ် ဖမ်းဆီးရန် စီဉ်ကြရတော့သည်။ ဦးဝမ္မသူမောင်း ခေါင်းဆောင်သော အဖွဲ့သည်လည်း ထက်ထက်မျက်မျက် လုပ်စွမ်းနိုင်ရန် ပခုက္ကူမြို့ရှိ သခင်အံကြီးမှတဆင့် တို့ဗမာအစည်းအရုံးဝင် အဖွဲနှင့် လည်ကောင်း အလုပ်သမားခေါင်းဆောင် ဦးဘလှိုင်နှင့် လည်းကောင်း ဆက်သွယ်ရတော့သည်[2]။ ၎င်းးတွေ့ဆုံပွဲအပြီးမကြာမီတွင် ဗြိတိသျှရဲတပ်ဖွဲ့နှင့် ရို (Ro) ရွာသားများအကြား တင်းမာမှု အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ဗြိတိသျှဝန်ထမ်တို့မှ အကွေးတိုင်းဝန်တော်ရှင်မင်းထံသို့ အစီရင်ခံရာတွင် သူတို့သည် ရိုရွာသို့ နွားခိုးမှုအား ဖြေရှင်မည်အပြုတွင် ရိုရွာသားအယေက် ၈၀ ခန့်မှ လက်နက်အပြည့်အစုံဖြင့် တားဆီးမှုများပြုလုပ်ခဲ့သည်[3]။ ထိုအဖြစ်အပျက်နှင့်ပက်သက်ပြီး ရိုရွာသား အဖမ်းခံရပြီနောက် ထေယင်ထဲမှ အကျည်းသား ၁၆ ယောက်သည်၊ ၂၀ စက်တင်ဘာ ၁၉၄၀ တွင် ဖလမ်းအကျည်းထောင်ထဲမှ အရေးပိုင်ထံသို့ အသနားခံစာပြန်လည်ရေးသားရာ “ဘုရား၊ ကျွန်တောမျိုးများတို့သည် ချင်းတောင်ညီညွတ်ရေးအသင်းတွင် ပါဝင်သည့်အတွက် စစ်ဆေးရန် ချင်းတောင်အရေးပိုင်မင်း နှင့် နယ်ပိုင်ဝန်ထောက် ဦးဖူးညိုကြွရောက်လာမည်ဖြစ်၍ လူထွက်စေလွှတ်လိုက်သော ပုလိပ်သား ဗွေရာဆိုသူ လာရောက်စဉ် ဂေစိန်ဆိုသူမိန်းမကို တန်းခြင်းလက်သီးထိုးခြင်းမျိုးမျိုးနှင့် နှိပ်စက်ပြီးလျှင် နံနက်မိုးလင်းသေားအခါ အရေးပိုင်မင်း နှင့် ဝန်ထောက်ကြွရောက်လာမည်ဖြစ်၍ ဓာတ်ပုံရိုက်ရန် တစ်ရွားလုံး ဝတ်စုံအပြည့် (လေး နှင့် မြှားအပါအဝင်) ဖြင့် လာရောက်ကြရမည်ဟု အမိန့်ပေးသွားသည့်အတိုင်း ကျွန်တော်များတို့လည်း ဓာတ်ပုံရိုက်ရန် ဝတ်စုံအပြည့်ဖြင့် သွားရောက်ကြရပါကြောင်း၊ ထိုသို့ဝတ်ဆင်လျက် ဗိုလ်တဲထဲသို့ သွားရောက်ကြသောအခါ စကားပြန် ကီးဘွေက ပုန်ကန်ထကြွလိုသည်ဟု လှည့်ဖြားလျက်စကားပြန်သောကြောင့် အရေးပိုင်မင်းမှ ပုန်ကန်မှု နှင့် အရေးယူလျက် ပျော်ဘွယ်စစ်တပ်ကိုခေါပြီးလျင်တိုက်ခိုက်သောကြောင့် အိမ်များပျက်စီးခြင်း ပစ္စည်းများဆုံးရှုံုးခြင်း အဖြေစ်သို့ရောက်ရပါကြောင်း” ပြန်လည်ဖြေရှင်းခဲ့သည်[4]။
ချင်းတောင်အရေးပိုင် Mr. Naylor သည် အဖွဲ့ခေါင်းဆောင်များအား အရေးမယူလျင် ရိုရွာလို အဖြစ်ပျက်မျိုးပြန်ဖြစ်လာနိုင်ကြောင်းနှင့် အစိုရမှ တရားဥပဒေစိုးမိုးရန်အတွက် Capt. Melville နှင့်သူ့တပ် (3 Platoons & 1.Lewis Gun Section) သည် J. Po Nyo နှင့်အတူ ချင်းတောင်အရေးပိုင် အမိန့်ကိုဖီဆန်သည့် ရိုရွာသို့ချီတက်ရန်၊ နောက်ထပ်စစ်ကြောင်းတစ်ကြောင်းသည် မင်းတပ်စခန်းသို့ အင်အားဖြည့်ရန် အတွက် ခွင်ပြုချက်အား ကာကွယ်ရေးဌာနသို့ တင်ပြခဲ့သည်[5]။ Mr.Naylor ၏တောင်းဆိုချက်အား အထက်မှ ၁၀-၄-၄၀ ရက်နေ့တွင်ခွင့်ပြုချက် ရရှိပြီးနောက် (ခ.မ.ည.ဖ) အဖွဲ့ကို မတရားအသင်း ကြေညာပြီး ချင်းတောင်စည်းမျဉ်းဥပဒေပုဒ်မ – ၁၄ (၁)( ဃ) အရ ချင်းအမျိုးသားခေါင်းဆောင် များဖြစ်သော ဥက္ကဌ ဦးဝမ္မသူးမောင်းနှင့် ဒုဥက္ကဌ၊ အတွင်းရေးမှုးစသော အမှုဆောင်များဖြစ်ကြသော ဦးဂဲလောဟာ၊ ဦးအွမ်နိန်း (သခင်အောင်ညွန့်)၊ ဦးကီးဖေလိန်း (သခင်အောင်မင်း)၊ ဦးကီးမာန်၊ ဦးဝမ္မသူးငိုင်း၊ ဦးအွမ်တမ် (သခင်ဘတင်)၊ သခင်ကျော်စိန်၊ ဦးအောင်လိန်း (သခင်အောင်ဇံ) တို့အား ဖမ်းဆီးခဲ့သည်[6]။
Capt.Melvilleက အော်လောင်းပန်းရွာ (မင်းတပ်မြို့နယ်) မှ (ညနေ ၉နာရီ၊ ၁၄-၅-၄၀ ရက်နေ့) မကွေးတိုင်းဝန်တော်ရှင်မင်း ထံသို့ (secret letter) ပေးပို့သည့်စာထဲတွင် သူ့ထံတွင် အကျည်းသား ၂၅ ဦးရှိကြောင်း၊ Mr. Naylor လည်းေအော်လောင်းပန်ရွာသို့ ဒီကနေ့ထွက်လာပြီဖြစ်ကြောင်း၊ အကျည်းသားများအား ပခုက္ကူမဖြတ်ပဲ တောလမ်းခရီးဖြင့် ဖလမ်းသို့ ဟားခါးမှတစ်ဆင့် ပို့သင့်ကြောင်း အကြံညဏ်တောင်းခံခဲ့သည်[7]။ Mr. Naylor ၏အစီရင်ခံစာတွင်လည်း အော်လောင်းပန်း ရွာတွင်ချိန်းတွေ့ကြကြောင်း၊ သူထံတွင် ဦးဝမ္မသူးမောင်းနှင့် အဖွဲ့အပါအဝင် အကျည်းသား ၂၃ ဦးရှိပြီး ဖလမ်းသို့ထွက်ခွာရန် ပြင်ဆင်နေကြောင်း၊ J.Po Nyo သတင်းပို့ချက်အရ ရိုရွာမှာလည်းတရားဥပဒေပြန်လည်စိုးမိုးနေပြီဖြစ်ကြောင်း၊ ချီ နှင့် မုန်း ဒေသတွင်လည်းငြိမ်သက်နေပြီဖြစ်ကြောင်း၊ နောက်ထိုနှစ် ဒေသမှ အစိုးရသတိထားသင့်သည် လူများမှာ ကျောင်းအုပ်ကြီး Mang Kin၊ ဝမ္မသူးကျောင်း ကိုရင်ဘုန်းကြီး နှင့် Hlankham (လှကန်?) ရွာမှ ကိုရင်ဘုန်းကြီး တို့ဖြစ်ကြောင်း၊ ၎င်းတို့သည် သခင်အံကြီး တို့နှင့်အဆက်အသွယ်ရှိသည်ဟု ကြားသိရကြောင်း သို့သော် သူ့မှာအထောက်အထားမရှိသေးပေ၊ ဦးဝမ္မသူးမောင်းနှင့် အဖွဲ့အပါအဝင်တို့သည် သူတို့အား နိုင်ငံရေးအကျည်းသားများဖြစ်ကြောင်း၊ နောက်ပြီး ဆန်၊ လဘ္ကက်ရည်၊ အဝတ်၊ အိပ်ယာ၊ သတင်းစာ နှင့် သူတို့ရသင့်သည် လစာ 15 ရူပီ ကိုလည်းတောင်ခံခဲ့ကြောင်း၊ သို့သော်သူတို့သည် ချင်းတောင်အက်ဥပဒေဖြင့် ဖမ်းဆီးထားခြင်းဖြစ်သောကြောင့် ထိုတောင်းဆိုချက်မျာအား ငြင်းဆန်ခဲ့ရသည်ဟု အစီရင်ခံခဲ့သည်။
ဦးဝမ္မသူးမောင်းနှင့် အဖွဲ့ခေါင်းဆောင်များအား မင်းတပ်စခန်းတွင် ၇ ရက်ကြာချုပ်နှောင်ခဲ့ပြီးနောက် ကန်ပက်လက်သို့ပို့ဆောင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင် ၉ ဦးကိုမူ ကန်ပက်လက်မှတစ်ဆင့် ဆော၊ ထိုမှတစ်ဆင့် ပခုက္ကူအရောက်တွင် ဒို့ဗမာအစည်းအရုံးမှ ဦးမျိုးညွန့်မှ မြစ်ဆိပ်သို့သွားရောက်တွေ့ဆုံပြီး သူအိမ်တွင် ဧည်ခံကျွေးမွေးရန်အတွက် အစောင့်ရဲဘော်ထံသို့ တောင်းဆိုခဲ့သည်။ ထို့နောက် သူ့နေအိ်မ်တွင် ဦးဝမ္မသူးမောင်း နှင့် အကျည်းသားများအား ဧည့်ခံကျွေးမွေးလျက် ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ခဲ့သည်။ ဓာတ်ပုံထဲတွင် ဦးဝမ္မသူးမောင်း၊ ဦးကီးမန်း၊ ဦးလိန်းဂေး၊ ဦးအွမ်တမ် နှင့် စစ်သားနှစ်ယောက်ပါဝင်ခဲ့သည်[8]။ ထို့နောက် သူရိယသတင်းထောက် ဦးဘထွန်း အိမ်သို့သွားရောက်ခဲ့ကြပြီး အခြားဒို့ဗမာအစည်းအရုံးခေါင်းဆောင် များနှင့် ထပ်မံတွေ့ဆုံခဲ့သည်။ ထိုဓာတ်ပုံနှင့်အတူ အဖွဲ့ခေါင်းဆောင်များ အဖမ်းခံရသည့်ကြောင်းအား သူရိယ အတင်းစာတွင် ထည့်သွင်းဖော်ထုတ်ခဲ့သည်။ ဦးဝမ္မသူးမောင်း နှင့် အဖွဲ့ခေါင်းဆောင်တို့သည် ပခုက္ကူတွင် တစ်ညအိပ်ပြီးနောက် ကလေးဝ-ကလေးမြို့-ဖလမ်းသို့ ပို့ဆောင်ခဲ့ကြသည်။ ဦးဝမ္မသူးမောင်း နှင့် ဦးဝမ္မသူးငိုင်းကိုမူ ဟားခါးထောင်သို့ပို့ဆောင်ပြီး ကျန်တဲ့သူများကိုမူ ဖလမ်းထောင်တွင် အကျည်းချခဲ့ကြသည်2။ ဖမ်းစီးခံရသူများအား တရားနည်းလမ်းအကျ အရေးယူနိုင်ရန်အတွက် ၁၉၄၀ ခုနှစ်၊ ဇွန်လတွင် ဥပဒေ (The Chin Hills: Criminal Law Amendment Regulation, 1940) ကိုပြင်ဆင်ခဲ့ကြသည်။ အဖွဲ့အား မတရားအသင်းအဖြစ် ကြေငြာစာတမ်းကို (Notification No.401 & 402) ကိုလည်း ဖမ်းဆီးခံရသူများ ထောင်ထဲရောက်ပြီးသည့် နောက်ပိုင်းမှ ထုတ်ပြန်ကာ ထောင်ထဲတွင်ပင် ဖမ်းဆီးခံရသူများအား အကြောင်းကြားခဲ့ကြသည်[9]။
သတင်းစာတွင်ထည့်သွင်းခြင်း
ဦးဝမ္မသူးမောင်းနှင့် အဖွဲ့ခေါင်းဆောင်များဖမ်းဆီးခံရသည့်အကြောင်းကို ပခုက္ကူနိုင်ငံရေးခေါင်းဆောင်များက ပြည်မသတင်းစာများသို့ အဖွဲ့၏ဓာတ်ပုံနှင့်တစ်ကွ ဖော်ပြထားသည်။ မကွေးတိုင်းဝန်တော်ရှင်မင်းမှ ချင်းတောင်အရေးပိုင်ထံသို့ ပေးပို့သည့်အစီရင်ခံစာ (စာအမှတ်၊ No.101,8/21C10) တွင် တိုးတက်ရေးသတင်းစာထုတ်သတင်းစာကို သူ့စာ ၂၄-၀၄-၄၀ ရက်စွဲတပ် (စာအမှတ်၊ No.978/21C40) နှင့်အတူ ပို့ဆောင်ခဲ့သည်။ ချင်းတောင်အရေးပိုင်မှလည်း (Tour 127) ၀၁-၀၅-၄၀ ရက်စွဲတပ်ပြန်စာတွင် ဝန်တော်ရှင်မင်း၏စာနှင့်တစ်ကွ ၁၈-၀၅-၄၀ ရက်စွဲထုတ်တိုးတက်ရေးသတင်းစာအားရရှိထားကြောင်း၊ ထိုတင်မကဘဲ မြန်မာ့အလင်းသတင်းစာတွင်လည်းကောင်း ထိုဓာတ်ပုံနှင့်တစ်ကွဖော်ပြထားကြောင်း၊ ယခုကျွန်နုပ်စာနှင့်အတူ သူရိယတတင်းစာအား ဤအစီရင်ခံစာနှင့်အတူ ပေးပို့ကြောင်း၊ ဦးဝမ္မသူးမောင်းနှင့် အဖွဲ့ခေါင်းဆောင်များသည် မင်းတပ်သို့အချေချသည့် ပျော်ဘွယ်တပ်ရင်း မှ ကန်ပက်လက်သို့ခေါ်ဆောင်ပြီး ကန်ပက်လက်ရဲအရာရှိထံသို့ ဖလမ်းထောင်သို့ပို့ဆောင်ရန် အပ်နှံခဲ့ကြောင်း၊ ထိုအရာရှိထံသို့ အင်တာဗျူးလုပ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများအပြုရန် အမိန့်မပေးခဲ့ခြင်းမှာ လွန်စွာနောင်တရမိကြောင်း၊ အရာရှိများက ထိုလုပ်ရပ်များအား ခွင့်ပြုမည်မထင်မိကြောင်း အစီရင်ခံခဲ့သည်။ Mr. Naylor မှ J. Po Nyo ထံသို့ပို့သော အစီရင်ခံစာတွင်လည်း “That awful Kanpetlet escort allowed Vum Thu Maung and Cos to be interviewed and photographed and visit Thakin houses[10]” ဟုရေးသားခဲ့သည်။ ပြည်မသတင်းစာများဖြစ်သော တိုးတက်ရေး၊ သူရိယအလင်း နှင့် မြန်မာ့အလင်း တို့တွင် အဖွဲ့ခေါင်းဆောင်များတို့၏ ဓာတ်ပုံနှင့်တစ်ကွ သူတို့လှုပ်ရှားမှု နှင့် အဖမ်းခံရပုံများကို ဖော်ပြထားကြသည်။
ချင်းအမျိုးသားခေါင်းဆောင်များ ထပ်မံဖမ်းဆီးခံရခြင်း
အဖွဲ့ခေါင်းဆောင်များ ဖမ်းဆီးခံရသော်လည်း ချင်းအမျိုးသားတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကိုမရပ်တန့်ခဲ့ပေ။ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက်စနစ်ဖြင့် ဆောင်ရွက်ကြပြန်ရာ အသုတ်လိုက်ဖြင့် ဖမ်းဆီးခံရကြပြန်သည်။ ဒုတိယ အသုတ်အဖြစ် ချင်းမျိုးချစ် ၁၅ ဦး၊ တတိယ အသုတ်အဖြစ် ချင်းမျိုးချစ် ၁၈ ဦး၊ စတုတ႖အသုတ် အဖြစ် ချင်းမျိုးချစ် ၁၁ ဦး၊ ပဥ္စမသုတ်အနေ ဖြင့် ချင်းမျိုးချစ် ၆ ဦးတို့ အဖမ်းခံရပြီး မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ ဟားခါး၊ မြင်းခြံ၊ မကွေး စသည့်ထောင်များတွင် အပို့ခံရကြသည်2။ ရိုရွာတွင်လည်း ဗြိတိသျှ အစိုးရတပ် နှင့် ရွာသားများ တင်းမာမှုမပျောက်သေးဘဲ ရိုရွာလူထုခေါင်းဆောင်များနှင့် ရွာသားများအား ထပ်မံဖမ်းဆီးခဲ့ကြသည်။ Capt. Melville နှင့် J. Po Nyo ဦးဆောင်ကာ ရိုရွာသို့ ၂၅-၀၅-၄၀ ရက်တွင်ရောက်ရှိကြပြီး အစည်းအဝေးခေါ်ခဲ့ကြသည်။ အိမ်ခြေ ၇၅-၈၀ ရှိရိုရွာမှ ရွာသား ၁၄၇ ဦးတက်လာပြီး လက်နက်များချရန်၊ အဖွဲ့ခေါင်းဆောင် ၆ ဦးအား အစိုးရလက်ထဲသို့အပ်နှံရန်၊ ဒဏ်ကြေးအနေဖြင့် တစ်အိမ်လျင် 8 ရူပီ ပေးရန်တောင်းဆိုသေားအခါ ရွားသားများက ငြင်းဆိုခဲ့ကြသည်နောက် ရွာသား ၄၅ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကန်ပက်လက်သို့ အကျည်းချထားသည်ဟု Mr. Naylor မှ Magwe Commissioner ထံသို့ (၀၁-၀၅-၄၀ ရက်စွဲဖြင့်) အစီရင်ခံခဲ့သည်[11]။ ဦးဝမ္မသူးမောင်း ကိုယ်တွေ့မှတ်တမ်းထဲတွင်မူ ရိုရွာခေါင်းဆောင် ၂၀ ဦးနှင့် ရွာသား ၄၉ ဦးအား ဖမ်းဆီးပြီး ၎င်းတို့အား ကူလီဝန်ထမ်းများအဖြစ် အသုံးပြုခဲ့သည် ဟူ၍မှတ်တမ်းတင်ထားသည်။ဦးဝမ္မသူးမောင်းခေါင်း ဆောင်သော ချင်းမျိုးချစ်အချို့ကို ဟားခါးထောင်၌ (၁)နှစ်သုံးလ၊ ဖလမ်း၌ (၄) လ တီးတိန်း နယ်တဝိုက်၌ (၃)လ မြင်းခြံ၌ (၃)လ၊ မန္တလေး၌ (၁)လ စသည်ဖြင့် ထောင် ပြောင်းချုပ်ရာ နောက်ဆုံးတွင် ကသာထောင်သို့ရောက်ခဲ့ကြသည်။ ချင်းခေါင်းဆောင်တို့သည် ရောက်ရာအကျဉ်းအခန်းများ၌ စည်းရုံးကြသည်၊ ဦးဝမ္မသူးမောင်းသည် ထောင်ကိုသပိတ်မှောက်ရန် ကြံကြသည်ဟုဆိုကာ ကသာထောင်၌ နှစ်လကြာ တိုက်ပိတ် ထောင်ချ ခြင်းခံရသည်။ ညီဖြစ်သူ တိုက်သူကြီး ဦးထန်းပက်စိမ်းယော အစ်ကိုဖြစ်သူအသက်အသက်ဘေးကင်းဝေးရေးအတွက် ဗြိတိသျှအတွင်း သူသျိုကောင်းဖြစ်ခဲ့သည်သာမက၊ ဦးဝမ္မသူးမောင်း ထောင်ကျစဉ်တွင် ငွေကြေးပေးပို့ခြင်းများလည်း လျှို့ဝှက်စွာဆောင်ရွက်ခဲ့သည်။ ညီဖြစ်သူ ဦးထန်းပက်စိမ်းယော အင်္ဂလန် နိုင်ငံ လန်ဒန်မြို့သို့ အာရှလူငယ်ဘက်စုံအားကစားပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်ရင်း (၉) လကြာ နေထိုင်ခဲ့ပြီး၊ ၁၉၂၂ ခု မတ်လတွင် မြန်မာနိုင်ငံပြန်ရောက်၍ ၁၉၂၅ ခု တွင် ဖခင်မှလွှဲအပ်သော တိုက်သူကြီးတာဝန်ကို ၁၉၄၈ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ သူတာဝန်ထမ်း ဆောင်စဉ်ကာလတွင် သူ၏လုပ်ဆောင်ချက်များအတွက် ဗြိတိသျှအစိုးရမှ ဂုဏ်ထူးဆောင်ဆုလက်မှတ် အပါအဝင် သေနတ် ၄ လက်နှင့် ဆုတံဆိပ်များချီးမြှင့်ခြင်းခံခဲ့ရသည်6။
Aungsan giveing speech at Party Conference
Aungsan giveing speech at Party Conference
ဗမာ့တော်လှန်ရေးအစ ချင်းတောင်က
၁၉၄၀ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ဟင်္သတခရိုင်၊ ဇလွန်မြို့တွင် ဒို့ဗမားအစည်းအရုံး၏ ညီလာခံအား စည်ကားသိုက်မြိုက်စွာ ကျင်းပလေသည်။ ထိုအကြောင်းကို တက္ကသိုလ်စိန်တင် ရေးသားသော “မြန်မာ့လွတ်လပ်ရေးအတွက် အလေးထားဖော်ပြရမည့် သခင်ဝမ္မသူးမောင်း” ဆောင်းပါးတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။ တို့ဗမားအစည်းအရုံးခေါင်ဆောင် သခင်အောင်ဆန်းသည် ပုဆိုးတိုတိုဝတ်၊ ပင်နီတိုက်ပုံအကျင်္ီထင်သလျက် သွက်သွက်လက်လက် တရားစောစင်မြင့်ပေါ်သို့တက်လာသည်။ အသံချဲ့စက်စကားပြောမိုက်ကရိုဖုန်းတိုင်ရှေ့တွင် သခင်အောင်ဆန်းရပ်ပြီ။ ထိုအချိန်တွင် ပုလိပ်အရာရှိသည် သခင်အောင်ဆန်းစကားပြောမည့် မိုင်ကရိုဖုန်းအနီးသို့ရောက်လာ၍ အောက်မှနေပြီး စာတစ်စောင်ပေးလိုက်သည်။ သခင်အောင်ဆန်းက စာကိုဖတ်ပြီး ပြုံးလိုက်သည်။ စာက ဟင်္သာတခရိုင် ရာဇဝတ်ဝန် မစ္စတာ ဇေဗီးယား (Mr. D. W. Xavier) ထံမှ ပေးပို့လိုက်သောစာဖြစ်သည်။ သခင်အောင်ဆန်းသည် စာကိုဖတ်ပြီး ပြည်သူ့လူထုထံ မျက်နှာမူလျှက် ပြောလိုက်သည်။
သခင်အောင်ဆန်း။ ဟဲဟဲ အတော်ပါပဲဗြ၊ ဒီမှာ ဟသာင်္တ ရာဇဝတ်ဝန် မစ္စတာ ဇေဗီးယားထံက စာလာပေးတာဗျို့၊စာထဲမှာ ဘာရေးထားလဲဆိုတော့ ချင်းတောင်တန်းမှာ ဖြစ်ပျက်ခဲ့တဲ့ သခင်ဝမ္မသူးမောင်းကိစ္စ ဒီနေ့ညတရားပွဲမှာ ထည့်သွင်းမဟောပြောပါနဲ့တဲ့၊ ဟောပြောခဲ့ရင် သခင်အောင်ဆန်းကို အစိုးရအကြည်အညိုပျက်စေမှု နှင့် ဖမ်းဆီးရလိမ်မယ်တဲ့။ ဟဲဟဲ ဒီချင်းတောင်တန်းက ကိစ္စကို ကျွန်တော်မေ့တောင်မေ့နေတယ်။ ခု ဟင်္သာတရာဇဝတ်ဝန်က သတိပေးမှပဲ ကျုပ်သတိရတော့တယ်၊ ကဲ ပရိသတ်ကြီးကို မေးရအုံးမယ်၊ ချင်းတောင်ကိစ္စ ကြားချင်ကြသလား။
ပရိသတ်ကြီး။ ကြားချင်ပါတယ်….
သခင်အောင်ဆန်း၊ ကဲ……ကြားချင်ကြတယ်ဆိုရင်တော့ ပြောပြချင်နေတာနဲ့ အတော်ပါဘဲ။ ချင်းတောင်ကိစ္စကတော့ ဒီလိုပါ။ ချင်းတောင်ကတို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်ဝမ္မသူးမောင်း ကို နိုင်ငံရေးမလုပ်ဝ့ံအောင် ကိုယ်လုံးမှာ ကြိုးချည်ပြီး ရှေ့ကမြင်းနဲ့ဆွဲပြေးတယ်။ သခင်ဝမ္မသူးမောင်ဟာ မြင်းနောက်က ကြိုးတန်းလန်းနဲ့့တစ်ရွတ်တိုက်ပါသွားခဲ့တယ်။ ကဲနယ်ချဲ့အင်္ဂလိပ်အစိုးရရဲ့လုပ်ပုံက ဘယ်လောက်ရက်စက်သလဲ နာကြည်းဖို့မကောင်းဘူးလား ပရိတ်သတ်ကြီးရေ…. ဟုဟောကြားခဲ့သည်။ ထိုတရားဟောပွဲအပြီးပြီးချင်း သခင်အောင်ဆန်းသည် လူအုပ်ထဲဆင်း ကိုယ်ယောင်ဖျောက် ရှောင်တိမ်းသွားခဲ့သည်။ ဟင်္သာတခရိုင် ရာဇဝတ်ဝန် ကသခင်အောင်ဆန်းအား ဖမ်းဆီးရန် ဆုံးဖြတ်ခဲ့ပြီး ဇွန်လအတွင်း ဖမ်းဝရမ်းမိန့် ထုတ်လိုက်သည်။ သခင်အောင်ဆန်း ဖမ်းမိသူအား ဆုငွေ 5 ရူပီပေးမည်ဟု သတင်းစာ၌ ကြေငြာခဲ့သည်။ သခင်အောင်ဆန်းသည် ဆုငွေ 5 ရူပီသည် ကြက်တစ်ကောင်၏တန်ဖိုးမျှ သားရှိသည် ဟုပျက်လုံးပြုခဲ့သေးသည်[12]။ သခင်အောင်ဆန်းသည် အဖမ်းမခံပဲ နိုင်ငံခြားသို့အကူညီတောင်ယူ ရန် ထွက်ခွာသွား လေသည်။ ထို့နောက် ရဲဘော်သုံးကျိပ် နှင့် ဗမာ့တပ်မတော်လည်း ထွက်ပေါ်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ချင်းသပိတ် အကြောင်းဟောခဲ့သောကြောင်း ထွက်ပြေး၊ ပုန်းရှောင်ရင်း လက်နက်ကိုင် တော်လှန်ရေးကြီး စတင်ခဲ့ခြင်းဖြစ်ရာ “ဗမာ့တော်လှန်ရေးအစ ချင်းတောင်က” ဟူသောစကားပုံလည်း ယနေ့တိုင် ရှိနေဆဲဖြစ်သည်။
ချင်းတောင်တော်လှန်ရေးတပ် နှင့် ချင်းတောင်အုပ်ချုပ်ရေးကောင်စီ
ဦးဝမ္မသူးမောင်းနှင့် (ခ.မ.ည.ဖ) အပေါင်းအပါများ ကန်ပက်လက်သပိတ်ကြောင့် အကျဉ်းကျနေစဉ် ကျောင်းအုပ်ကြီးဟောင်း ဦးမာန်ကင်ခေါ် ဦးအောင်ခင်မှ လွပ်လပ်ရေးတိုက်ပွဲအတွက် အရှိန်မြှင့်ဦးဆောင် စီးရုံးခဲ့သည်။ ထိုသို့နယ်ချဲ့တော်လှန်ရာတွင် ချင်းတောင်တော်လှန်ရေးတပ်ကို ပြည်မခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက် ၁၉၄၂ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ နောက်ပြီး ၄ ရက်နေ့တွင်မင်းတပ်၊ ၁၆ ရက်နေ့တွင် ကန်ပက်လက် တွင် တော်လှန်ရေးတပ်များ ဖွဲ့စည်းခဲ့ကြသည်2။ ဗြိတိသျှတို့သည်လည်း ဒုတိယကမ္ဘာစစ်မီးလျှံကြောင့် မြန်မာနိုင်ငံကို လက်လွတ်ကာ အန္ဒိယသို့ဆုတ်ခွာခဲ့ကြလေသည်။
၁၉၄၂ ခုနှစ် ဧပြီလတွင် ဂျပန်စစ်လေယာဉ်မှ ဗုံးကျဲရင်း ကသာထောင်ထောင်ပေါက်ထွက်သွားပြီး (ခ.မ.ည.ဖ) အဖွဲ့ခေါင်းဆောင်များ လွတ် မြောက် လာခဲ့ကြသည်။ ဦးဝမ္မသူးမောင်းခေါင်းဆောင်သော ချင်းမျိုးချစ်များသည် ချင်းတောင် သို့ ပင်ပန်ခက်ခဲစွာပြန်လာခဲ့ကြသည်။ ဦးဝမ္မသူးမောင်း နှင့် ကသာထောင်ပြန်နိုင်ငံရေးခေါင်းဆောင်များ ပြန်လည်ရောက်ရှိလာပြီး ၁၉၄၂ ခုနှစ် မေလ ၈ ရက်နေ့တွင် တော်လှန်ရေးတပ်ခေါင်းဆောင်နေရာအတွက် ဦးဝမ္မသူးမောင်းအား ခေါင်းဆောင်အဖြစ် တင်မြောက်ခဲ့ကြပြီး၊ ဒုဥက္ကဌအား ဦးမာန်ကင်က ဆောင်ရွက်ခဲ့သည်။
ထို့နောက် မင်းတပ်မြို့တွင် နယ်မြေငြိမ်ဝပ်ပိပြားရေးနှင့် ချင်းအမျိုးသားများ၏ ဘဝလုံခြုံရေးအတွက် အုပ်ချုပ်ရေးကောင်စီ တစ်ရပ်ကို ဖွဲ့စည်း၍ ထိုကောင်စီကို ဦးဝမ္မသူးမောင်းကပင် ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ ထိုကောင်စီမှအုပ်ချုပ်ခဲ့သည်မှာ ၁၉၄၂ ဇွန်လမှအစပြု၍ ၁၉၄၅ ခုနှစ်ဖေဖော်ဝါရီလအထိ ၃ နှစ်နီးပါးဖြစ်ခဲ့သည်။ နယ်မြေငြိမ်ဝပ်ပိပြားရေး အုပ်ချုပ်ရေးကောင်စီသည် တော်လှန်ရေးအတွက် စစ်သင်တန်းများကို ကန်ပက်လက်၊ ကျင်ဒွေး၊ မင်းတပ်၊ ဝမ္မသူး၊ တောင်ကုန်း စသည့် (၅) နေရာတွင် တစ်ပြိုင်တည်းဖွင့်လှစ်ကာ သင်တန်းသား (၇၅၀) ကို စစ်ပညာပေးမွေးထုတ်ခဲ့သည်။ ဦးဝမ္မသူးမောင်းသည် ဗမာ့တပ်မတော်နှင့်ဆက်သွယ်ကာ ချင်းမျိုး ချစ်တပ်သား (၃၇၀) ကို နယ်ချဲ့တော်လှန်ရေးအတွက် ပြည်မတပ် (မန္တလေးတပ်ရင်း ၄ နှင့် တပ်ရင်း ၅) ထဲသို့ သွတ်သွင်းခဲ့သည်။ ထိုသို့တပ်သားများပို့လွှတ်ရင်း ငြိမ်းချမ်းရေးနှင့်အုပ်ချုပ်ရေးလေ့လာရေးအဖွဲ့အဖြစ် ဆရာဦးမာန်ကင်၊ ဦးဟန်ဘွန်ထန် နှင့် ဦးထန်းခွီရှိန်းတို့အား စေလွတ်ခဲ့သည်။ သို့သော် ဗမာ့တပ်ဗိုလ် နှင့် ချင်းတပ်ဗိုလ် တစ်ချို့အကြား အချင်းချင်း မတည့်မှုကြောင့် ချင်းတပ်သား (၃၃၅) မှာမူ ချင်းတောင်တော်လှန်ရေးတပ်သို့ ပြန်လာခဲ့ရသည်2။ အုပ်ချုပ်ရေးကောင်စီအဖွဲ့သည် တောင်ပိုင်းချင်းတွင် စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရင်း ဦးမာန်ကင်သည် ကန်ပက်လက်နယ်၊ Dai နယ်ရှိ မကြားအိမ်နူ ကျေးရွာ (ကန်ပက်လက်၊ မင်းတပ်၊ ပလက်ဝ ဆုံသည့်နေရာ) ရောက်ရှိခိုက် ရခိုင်ပြောက်ကျားအဖွဲ့နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် နောက်ပါရဲဘော် ခေါဂေထန်းမောင်းနှင့်အတူ ကျဆုံးခဲ့ လေသည်။ ရခိုင်ပြောက်ကျားအဖှွဲ့မှ တစ်ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။ ဦးမာန်ကင် ကျဆုံးပြီးနောက် Dai ချင်းမျိုးနွယ်စု နယ်ရှိစည်းရုံးရေးတာဝန်ကို ဦးဝမ္မသူးဟာရှိန်း မှ ဆက်လက်ထမ်းဆောင်ခဲ့သည်။
ဖက်ဆစ်ဂျပန်တော်လှန်ရေး
ဂျပန်မှ ဗမာပြည်သိမ်းပိုက်အုပ်ချုပ်နေစဉ်၊ မင်းတပ်နှင့်ကန်ပက်လက်နယ်တွင်မူ ဂျပန်တပ်များ တပ်စွဲနေထိုင်းခြင်းမရှိခဲ့ပေ။ သို့ရာတွင် ချင်းတောင်နှင့်ယောနယ်အကြား နှင့် ချင်းတောင်အတက်များတွင်မူ တိုက်ပွဲများဆင်နွဲကြရ၏။ ထိုတိုက်ပွဲများတွင် ဦးဝမ္မသူးမောင်းသည် ပြည်မတပ်မှ စစ်တိုင်း(၇) ဗိုလ်မှူးအောင်တပ် နှင့် သရက်ခရိုင်တွင် အတူပါဝင် တိုက်ပွဲဝင်ခဲ့ကြသည်။ အခြားချင်းရဲဘော်တို့မှာ စစ်တိုင်း ၅၊ ၆ နှင့် ၇ တို့တွင် ပြည်မတပ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်ခဲ့သြသည်။ ဖက်ဆစ်ဂျပန်တို့သည် ၁၉၄၅ ခု မတ်လတွင် မြန်မာမြေပေါ်က လုံးဝထွက်ခွာသွား ခဲ့ကြရသည်။ ဤတော်လှန်ရေးတွင် ချင်းတပ်သား ၁၀ ဦးခန့် ဖက်ဆစ်ဂျပန်တို့၏ လက်ချက်ကြောင့် ကျရှုံးခဲ့ရသည်2။
လွပ်လပ်ရေးတိုက်ပွဲကာလ
ဗမာ့မြေပေါ်က ဖက်ဆစ်ဂျပန် တို့ ထွက်ခွါ၍ ဗြိတိသျှတို့ချင်းတောင်သို့ ပြန်ဝင်လာသည့်အခါ ဦးဝမ္မသူးမောင်း အားနာမည်ပျက်စာရင်းတွင်ထည့်သွင်းပြီး အသေရရ၊ အရှင်ရရဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသည်။ သူ့အားဖမ်းဆီးနိုင်ရန်အတွက် ဆုငွေများထုတ်ရင်း အသဲအသန် ကြိုးစားခဲ့ကြသည်။ ဦးဝမ္မသူးမောင်း အတွက် ဘေးအန္တရယ် ကြီး မား၍ လောင်းဝစ်လမ်း (ယခု အင်းယားမြိုင်လမ်း-ဗဟန်း) ပြည်သူ့ရဲဘော်ဌာနချုပ် တွင် ရိက္ခါမှူးတာဝန်ဖြင့် အဖြစ်တာဝန်ထမ်းဆောင်ရင်း လုံခြုံရေးအစောင့် အရှောက်နှင့်ထူထပ်စွာနေခဲ့ရသည်2။ နောက်ပြန်ဗြိတိသျှ လေဗီတပ်သည် ဦးဝမ္မသူးမောင်း မဖမ်းနိုင်သည့်အဆုံး သူ့နေအိမ်ကြီး၊ အိမ်တစ်ဆောင်စာပျဉ်ပုံ နှင့် အိမ်အတွင်ပစ္စည်းများ ပါမကျန် မီးတင်ရှို့ခြင်းခံရသည်6။
မြန်မာနိုင်ငံတွင် လွပ်လပ်ရေးတိုက်ပွဲ အရှိန်မြင့်တက်လာနေ ၍ မျိုးချစ်ခေါင်းဆောင် ဘေးအန္တရယ်လျော့ပါးလာခဲ့သည်။ ဦးဝမ္မသူးမောင်းသည် ၁၉၄၆ ခုနှစ်၊ဇန်နဝါရီလတွင် ဖဆပလ အဖွဲ့ချုပ်ကြီးသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ဝမ္မသူးရွာ တွင် လူထုညီလာခံအစည်းအဝေးကြီး ပြုလုပ်ကာမိမိကိုယ်တိုင် ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး ဦးကီးဖေလိန်း၊ ဦးယောထန်း၊ ဦးလိန်းဂေ၊ ဦးမနားကီး၊ ဦးငိုင်းနိုင်း၊ ဦးနိုင်းလိန်းသာ၊ ဦးကီးယိုမာန် တို့အမှုဆောင်များအဖြစ် ပါဝင်သော ချင်းတောင်ဖဆပလ အဖွဲ့ကို ဖွဲ့စည်းကြသည်။ ၁၉၄၆ ခု ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ဖ.ဆ.ပ.လ ပြည်လုံးကျွတ်ညီလာခံကြီးကို ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပခဲ့ကြသည်။ ထိုညီလာခံကြီးသို့ အဖွဲ့ကိုယ်စားလှုယ်အဖြစ် ဦးဝမ္မသူးမောင်း ကိုယ်တိုင်တက်ရောက်ခဲ့ပြီး၊ လုံးဝလွပ်လပ်ရေး အဆိုကို တောင်တန်းပြည်မတစ်ချိန်တည်း တပြိုင်နက်ပေးရန်အဆိုကို တောင်တန်းသားများ အားလုံးကိုယ်စား ထောက်ခံတင်ပြခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဦးဝမ္မသူးမောင်း သည်မေမြို့နှင့် ညောင်ရွှေမြို့တို့သို့သွားရောက်ကာတောင်တန်း ပြည်မထာဝစဉ်ပူးပေါင်းရေးကို ရှမ်းစော်ဘွာများနှင့်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်2။
အောင်ဆန်း-အက်တလီသဘောတူညီချက်တွင် တောင်တန်းဒေသ များတွင် နေထိုင်သော သူများ၏ လွတ်လပ်သော သဘောတူချက်နှင့်အညီ ပြည်မနှင့် အချိန်မနှောင်း ပေါင်းစည်းခြင်း အောင်မြင်ရန်ဟူသော အချက်လည်းပါဝင်ခဲ့သည်။ သို့ဖြစ်၍ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးက တောင်တန်း-ဗမာချစ်ကြည်ရေးများအတွက် ဆောင်ရွက်ကြရသည်။ ချင်း-ဗမာချစ်ကြည်ရေးဆောင်ရွက်ရန်အတွက် ဦးဝမ္မသူးမောင်း၊ ဦးဘခိုင် နှင့် ဦးမောင်ကလေးတို့သည် ချင်းတောင် မြောက်ပိုင်းတွင် ချစ်ကြည်ရေးခရီးစဉ်များဆောင်ရွက်ရန်၊ နောက်ပြီး ရဲဘော်စံထွန်း၊ ဦးအောင်မင်းတို့သည် ချင်းတောင်၊ တောင်ပိုင်းသို့ ချစ်ကြည်ရေခရီးစဉ်များအတွက် စည်းရုံးရေးများဆင်းခဲ့ကြသည်။ ဗြိတိသျှအာဏာပိုင်တို့မှလည်း ဦးဝမ္မသူးမောင်းအား ချစ်ကြည်ရေးကိုယ်စားလှယ်အဖြစ် ဖ.ဆ.ပ.လအဖွဲ့ မှ ရွေးချယ်ကြောင်းကြားသိရသောအခါ ဦးဝမ္မသူးမောင်းသည် အစိုးရနှင့် ဇာတ်လမ်းပေါင်းစုံရှိသူဖြစ်ကြောင်း ချင်းတောင်အရေးပိုင် ဦးသိမ်းမောင်မှ အစီရင်ခံခဲ့သည်[13]။ သို့နှင့် ဦးဝမ္မသူးမောင်းအား သွားခွင့်မပြုရန် ဘုရင်ခံဆာဒေါ်မန်စမစ် နှင့် တောင်တန်းဒေသမင်းကြီး စတီဗင်ဆင်တို့က ကန့်ကွက်ရာတွင် ဗိုလ်ချုပ်က “ခင်ဗျားတို့အမြင်နှင့် ကျွန်တော်တို့ကိုယ်စားလှယ်လွှတ်ရန် အဓိပ္ပါယ်မရှိ၊ ကျွန်တော်တို့ သဘောကျ ကျွန်တော်တို့စေလွတ်ခြင်းကို ခင်ဗျားတို့လက်ခံရလိမ့်မည်” ဟုအတိုက်အခံပြောမှ ဦးဝမ္မသူးမောင်း ချင်းတောင်တက်ခွင့်ရလေတော့သည်။ ချစ်ကြည်ရေးခရီးစဉ်အား တိုးတက်ရေးသတင်းစာတွင်လည်း “ချင်းတောင်သို့” ဟူသည့် ခေါင်းစဉ်ဖြင့် အဖွဲ့ကိုယ်စားလှယ်တို့သည် ချင်းပြည်နယ်တောင်ပိုင်း ခရီးစဉ်အား ထီးလင်းမှတစ်ဆင့် ကန်ပက်လက်၊ ပလက်ဝ နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ချင်းတောင်များသို့ ချစ်ကြည်ရေးခရီးဆင်းခဲ့ကြပြီး ၂၃-၃-၄၇ ရက်နေ့တွင် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။ ထိုချစ်ကြည်ရေးခရီးစဉ်မှ ချင်းတို့သည် သူတို့၏ရှေ့ရေးအတွက် ဗမာပြည်နှင့်အတူ ပူးပေါင်းဆောင်ရွက်ချင်ကြောင်း လေ့လာရသည်။ ထိုခရီးစဉ်တွင် ချင်း-ရခိုင်-ဗမာ ချစ်ကြည်ရေးညီလာခံအား ၂၈-၃-၄၇ ရက်နေ့တွင် ပလက်ဝသို့ကျင်းပရန်လည်း သဘောတူခဲ့ကြသည်။ ဦးဝမ္မသူးမောင်းသည် ချင်းတောင်တွင်စည်းရုံးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပြီး ရွာများမှလည်းသူးအား ထောက်ခံအကူအညီပေးခဲ့ကြသည်။ ရွာများမှာမူ ချင်းတောင်အရေးပိုင်မှ အစိုးရတစ်ခုတည်းသာရှိကြောင်း အစိုးရမှအမိန့်ပေးသောကိစ္စကိုသာ ရွာသားများဆောင်ရွက်ရမည်ဖြစ်ကြောင်း သတိပေးခဲ့ခြင်းကို သူ၏အစီရင်ခံစာ (စာအမှတ်၊ No.12/MS-28-2-47) တွင်ဖော်ပြထားသည်။
Chin - Bamar Conference. FL, Pu Za Hu (Zokhua), FM (U Vum Thu Maung), FR. Dedok U BA Cho. Courtesy of U Maung Ha
Chin – Bamar Conference. FL, Pu Za Hu (Zokhua), FM (U Vum Thu Maung), FR. Dedok U BA Cho. Courtesy of U Maung Ha
ချင်း-ဗမာချစ်ကြည်ရေးညီလာခံ (၁၉၄၇)
Extract From Reuter & Daily Review
Extract From Reuter & Daily Review
၁၉၄၇ ခုနှစ်၊ မတ်လ ၃ ရက်မှ ၅ ရက်အထိ ချင်းဗမာ ချစ်ကြည်ရေးညီလာခံအား ထီးလင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။ အဲဒီပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက်ရန် အစီအစဥိရှိသော်လည်း တောင်တန်းဒေသ အုပ်ချုပ်ရေးကိစ္စတွေ စုံစမ်းဖို့ ရောက်လာကြတဲ့ ဗြိတိသျှကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံးဖို့ရှိတာကြောင့် ဒီးဒုတ်ဦးဘချိုအား တက်ရောက်ဖို့ ပန်ကြားခဲသည်။ ချင်းကိုယ်စားလှယ်အဖြစ် ဦးဝမ္မသူးမောင်း ဦးဆောင်ခဲ့ပြီး ညီလာခံတွင် လူထုအင်အား တစ်သောင်းကျော်တက်ရောက်ခဲ့ကြသည်။ ၈-၃-၄၇ ရက်နေ့ထုတ် Reuter သတင်းဌာနမှလည်း ချင်းလူထု သုံးထောင်ကျော်နှင့် တိုက်သူကြီးတို့သည် ထီးလင်းတွင်ကျင်းပသော ချင်း-ဗမာချစ်ကြည်ရေး သို့တက်ရောက်ခဲ့ကြပြီး ပြည်သူ့လွတ်တော်တွင်ပါဝင်ရန် နှင့် ဖ.ဆ.ပ.လ အဖွဲ့နှင့် ပူးပေါင်းတောင်ရွက်ရန် သဘောတူခဲ့ကြသည် ဟု ဖော်ပြထားသည်။ ဒီးဒုတ်ဦးဘချိုက ချင်းလူထု ဒီထက်မက လူများရမှာဖြစ်ပါတယ်။ သို့သော် တစ်စုံတစ်ယောက်က ချစ်ကြည်ရေးညီလာခံ ပျက်သွားပြီ၊ ဦးဝမ္မသူးမောင်းလည်းဆုံးသွားပြီ စသည့်ကောလဟာလသတင်းများကြောင့် ဒီထက်မကလူမများတာဖြစ်ပါတယ်။ ချင်းတိုက်သူကြီးများသည် ထီးလင်းအရောက် ဦးဝမ္မသူးမောင်းနှင့် တွေ့ဆုံသည့်အခါမှသာ သူတို့ကြားသည့်သတင်းများမှာ ကောလဟာလများဖြစ်ကြောင်း သတင်းစာသို့ပြောကြားခဲ့သည်။ ဟားခါးမြို့နယ် ဇိုခွာ (Zo Khua) မှ Pu Za Hu သည်လည်း ချင်းတောင်မြောက်ပိုင်းကိုယ်စား ထီးလင်းညီလာခံသို့ တက်ရောက်ခဲ့သည်။ ချင်း-ဗမာချစ်ကြည် ရေးထာဝစဉ်တည်တံ့ခိုင်မြဲရေး အထိမ်းအမှတ် ကျေက်တိုင် စိုက်ထူခဲ့ရာ ဦး ဝမ္မသူးမောင်း နှင့် ဒီးဒုတ်ဦးဘချိုတို့ပူးတွဲ၍ အုတ်မြစ်ချခဲ့ကြသည်။ ထိုညီလာခံတွင် ဒီးဒုတ်ဦဘချိုပြောကြားခဲ့သည်မှ “ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းသည် မည်သည့်တိုင်းပြည် နိုင်ငံပင်မဆို အဘယ်လူမျိုးကကြီးသည်၊ ငယ်သည်၊ နိမ့်သည်ဟူ၍မရှိဘဲ ကွားခြားချက်တစ်ခုသာ ရှိုသည်။ ထိုအချက်မှာ ထိုလူမျိုးအဖို့ အခွင့်အရေး (ရမှု) နှင့် အလေ့အကျင့် (ရှိမှု) သာဖြစ်သည်” ဟုပြောကြားခဲ့သည်[14]။ ထို့နောက် ဦးဘချိုက ဗမာပြည်ပြည်မ နှင့် စည်းလုံစွာနေထိုင်လိုသည့် ချင်းတို့၏ရိုးသားမှုသည် ဤညီလာခံမှ ထင်ရှားစေပါတယ်။ ပြည်သူ့ရဲဘော်တပ်ဖွဲ့အကြောင်း ပြောရမည်ဆိုလျင်လည်း ချင်းတောင်တွင် ပြည်သူရဲဘော်တပ်သား ၅၀၀ ကျော်ရှိကြောင်း၊ ထို့အပြင် အမျိုးသမီးများသည်လည် ပြည်သူ့ရဲဘော်တပ်ဖွဲ့တွင် တက်ကြွစွာပါဝင်ကြကြောင်း သတင်းစာတွင်ပြောကြားခဲ့သည်။
Chin - Bamar Conference. Inspection the Army by Chin and Bama leaders. Courtesy of U Maung Ha
Chin – Bamar Conference. Inspection the Army by Chin and Bama leaders. Courtesy of U Maung Ha
၁၉၄၇ ညောင်ရွှေဟော် အစည်းအဝေး
မြန်မာပြည်လွတ်လပ်ရေးရတောမည့်အခြေအနေတွင်ရှိပြီး တောင်းတန်းသားများ၏ ရှေ့ရေး နှင့် စပ်လျည်း၍ ဆွေးနွေးရန် ညောင်ရွှေစော်ဘွားအိမ်တော်တွင် ချင်း၊ ကချင်၊ ရှမ်း စသည့် တောင်တန်းသားများ၏ ဆန္ဒသဘောထား ခံယူသည့် ညီလာခံကို ၁၉၄၇ ခု၊ မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိကျင်းပခဲ့ကြသည်။ ထိုညီလာခံသို့ ဦးဝမ္မသူးမောင်း တက်ရောက်ပြီး ၁) တန်တူအခွင့်အရေး ၂) ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး နှင့် ၃) ခွဲထွက်လိုပါက အချိန်မရွေး ခွဲထွက်ခွင့်ရှိနိုင်ခွင့် ဟူသေားဆုံးဖြတ်ချက်များအား ချမှတ်ကာ ဗြိတိသျှအစိုးရထံသို့တစ်စောင် နှင့် ဖ.ဆ.ပ.လ အဖွဲ့ချုပ်သို့တစ်စောင် ပေးပို့ခဲ့ကြသည်။ ဤအစည်းးအဝေးတွင် ဦးဝမ္မသူးမောင်းအပါအဝင် ချင်းတောင်မြောက်ပိုင်း နယ်အသီးသီးမှ ကိုယ်စားလှယ်ပေါင်းစုံတက်ရောက်ခဲ့ကြသည်။
လွတ်လပ်ပြီခေတ်၊ ချင်းရေးရာဝန်ကြီး ဦးဝမ္မသူးမောင်း
အောင်ဆန်း-အက်တလီသဘောတူညီမှု စာချုပ်ချုပ်ဆိုသည့်နောက် ၁၉၄၇ ဧပြီလတွင် တိုင်းပြုပြည်ပြုလွှတ်တော်ကြီးကို ဖွဲ့စည်းခဲ့ကြသည်။ ဦးဝမ္မသူးမောင်းသည် ၁၉၄၇ ခု၊ဧပြီလ (၇) ရက်နေ့တွင် ကျင်းပသောတိုင်းပြု ပြည်ပြုလွှတ်တော်ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်ပွဲတွင် ကန်ပက်လက်မဲ ဆန္ဒနယ်၌ ပြိုင်ဖက်မရှိ အနိုင်ရရှိခဲ့သည်။ လွတ်လပ်သောမြန်မာပြည်အတွက် အသုံးပြုမည့် ဖွဲ့စည်းပုံအခြေဥပဒေကိုလည်း ၁၉၄၇ စက်တင်ဘာလတွင် လက်ခံအတည်ပြုခဲ့ကြသည်။ ၁၉၄၈ ခုနှစ် ဇန္နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်း အခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့ အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ ပေါ်ပေါက်လာခဲ့ပါသည်။ ဦးဝမ္မသူးမောင်း သည်ချင်းရေးရာဝန်ကြီး အဖြစ်အရွေးခံခဲ့ရပြီး ချင်းဝိဒေသတိုင်း၏ ပထမဆုံး ချင်းရေးရာဝန်ကြီးဖြစ်လာခဲ့သည်။
လူထု၏ဆန္ဒအရ ချင်းတောင်တန်းတွင် ရှေးယခင်ခေတ်အဆက်ဆက်မှ ဗြိတိသျှခေတ်အထိ အသုံးပြုခဲ့သည့် စနစ်ဟောင်းကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရန် ချင်းရေးရာဝန်ကြီးဌာနသည် ပြည်သူများ၏လိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန်အတွက် အပြင်းအထန်အထူးကြိုးစားကြသည်။ ချင်းရေးရာဌာနက ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပြည်ထော်ငစု ဝန်ကြီးအဖွဲ့သို့ ချင်း တောင်စုံစမ်းရေးကော်မရှင်ဖွဲ့ပေးရန် တင်ပြခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် ထိုကော်မရှင် ဖွဲ့စည်းခဲ့ပါသည်။ ၄င်းအဖွဲ့တွင် ဦး ဝမ္မသူးမောင်း၊ စည်သူ ဦးသိမ်းမောင် (အေ-တီ-အမ် အမှုထမ်းကောင်းတံဆိပ်ရမင်း) နှင့် ဦး စိုးဝင်း (အမျိုးသား ပညာဝန်ဟောင်း) တို့ ပါဝင်ကြသည်။ ကော်မရှင်၏ အဓိကရည်ရွယ်ချက်နှင့်လုပ်ငန်းများမှာ တိုက်သူကြီးများနှင့် သူကြီးများခံစားရသော စိတ်သဘောထားကို တိကျစွာ စူစမ်းရှာဖွေရန်၊ တိုက်သူကြီများကောက်ခံလျက်ရှိသော အခွန်တော်ပပျောက်ရေးကို လှုံ့ဆောက်ကြွေးကြော်လျက်ရှိသည့် လုပ်ငန်းများအပေါ်တွင် လူထု၏ဆန္ဒကို စုံစမ်းရန််၊ အခြားတစ်ဖက်တွင် ထိုသို့ဖြုတ်ချရာတွင် အစိုးရတွင် တတ်နိုင်သမျှငွေကုန်ကျသက်သာစေရန် အစိုးရအုပ်ချုပ်ရေးပြောင်းလဲရာတွင် အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ အကျိုးကိုမထိခိုက်စေရန် နည်းလမ်းများရှာဖွေပြီး အစိုးရထံသို့အစီရင်ခံစာနှင့်တစ်ကွ ထင်မြင်ယူဆချက်နှင့် ထောက်ခံချက်တို့ကိုပါ တင်သွင်းရန်ဖြစ်သည်။ ကော်မရှင်သည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၂-၁၈ ရက်များတွင်း တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ် နှင့် ဟားခါးမြို့နယ်တို့တွင် လူထုကိုယ်စားလှယ်၊ တိုက်အုပ်၊ သူကြီးများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ ဆန္ဒကိုစုံစမ်းစစ်ဆေးခဲ့သည်[15]။
Chin Bamar Conference. The New Light of Myanmar
Chin Bamar Conference. The New Light of Myanmar
ဖလမ်းမြို့လွပ်လပ်ရးအောင်ပွဲသဘင် နှင့် လူထုညီလာခံကြီး
အဲဒီလို စုံစမ်းစစ်ဆေးစစ်ဆေးမှုများ ပြုလုပ်နေစဉ် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၉-၂၂ ရက်အထိ ဖလမ်းမြို့မှာကျင်းပတဲ့လူထုညီလာခံကြီး ကျင်းပခြင်းနှင့် တိုက်ဆိုင်ခဲ့ပါသည်15။ လူအများက ဖလမ်းမြို့လူထု ညီလာခံသည် တိုက်သူကြီးများဖြုတ်ချနိုင်ရေးအတွက် လူထုဆန္ဒကောက်ခံရန်ကျင်းပခြင်းဖြစ်သည်ဟု ထင်မှတ်ကြသည်။ အမှန်စင်စစ် ဤညီလာခံသည် လွတ်လပ်ရေးအောင်ပွဲ အခမ်းးအနားကျင်းပရန်အတွက် စီစီစဉ်ရခြင်းဖြစ်သည်။ လွတ်လပ်ရေနေ့သည် ဇန်နဝါရီ (၄) ရက်နေ့တွင် ရရှိခဲ့သည်မှန်သော်လည်း ဖလမ်းမြို့သို့ ပြည်ထောင်စု သမ္မတကိုယ်တိုင် နှင့် နိုင်ငံတော်အကြီအကဲများ တက်ရောက်ရန်ဖြစ်သောကြောင့် ဖေဖော်ဝါရီ ၁၉-၂၂ ရက်တွင် ကျင်းပရခြင်းဖြစ်သည်။ ဤညီလာခံအတွက် အစိုးရမှ ဘက်ဂျက် ၂၁၀၀၀ ရူပီ ကိုခွဲဝေချထားသည်[16]။ နည်းလှသည့် ဘက်ဂျက်မဟုတ်ပေ၊ ထိုခေတ်ကာလတွင် စစ်သာတစ်ဦး၏လစာသည် တစ်လလျင် ရူပီ-၁၅၊ အစိုးရဝန်ထမ်း ပျမ်းမျှတစ်လဝင်ငွေမှာ ရူပီ ၃၀ နှင့် နွားနောက်တစ်ကောင်သည် ရူပီ ၂၀ ရှိသည်။ ထိုအခမ်းအနားသို့ ပြည်ထောင်စု သမ္မတစပ်ရွှေသိုက် ကိုယ်တိုင်တက်ရောက်ခဲ့သည်။
ထိုအစည်းအဝေးသို့တက်ရောက်သော လူဦးရေသည် ၅၀၀၀ ကျော်ရှိသည်မှာလည်း လူအများမှ သံသယရှိကြသည်။ ဖလမ်းမြို့မှ လူ ၅၀၀၀ ကျော်ဧည့်ခံကျွေးမွေး ရန်မှာ မဖြစ်နိုင်ကြောင်းဆိုပြီး သံသယရှိသူတို့သည် တွက်ချက်ယူဆကြသည်။ လူထု ၅၀၀၀ ကျော်တက်ရောက်သည်မှာ မှန်ပင်ဖြစ်ပြီး အထောက်အထားများစွာရှိသည်။ ထိုစဉ်က တာဝန်ထမ်းဆောင်သည့် ဟားခါးမြို့နယ် အထက်လွတ်တော်အမတ် ဦရိုတန် (Pu Ro Thang) ကလည်း မှန်ကန်ကြောင်းပြောဆိုခဲ့သည်16။ ထိုအချိန်က ဖလမ်းအရေးပိုင် ဦးတွန်မှုန်း (Pu Tuang Hmung) ၏နှစ်စဉ်အစီရင်ခံစာတွင်လည်း ရှင်းလင်းစွာဖော်ပြထားသည်မှာ ဧည့်သည်စုစုပေါင်း ၅၀၀၀ ခန့်ရှိပြီး ချင်းတောင်ကဲ့သို့သော နေရာမျိုးတွင် ထိုမျှလောက်သော လူစာရင်းသည် နည်းသည်မဟုတ်ဟုဆိုပါသည်။ ၎င်းးအစီရင်ခံစာတွင် ကန်ပက်လက်နှင့်ပလက်ဝ (ထိုအချိန်က မြောက်ပိုင်း ရခိုင်တောင်တန်း) နုယ်မှ ကိုယ်စားလှယ်များ ချင်းသမိုင်းတွင် ပထမဦးဆုံးအကြိမ်ပါဝင်လာမှု အထူအလေးပေးဖော်ပြခဲ့သည်16။ ပလက်ဝနယ်၊ ကန်ပက်လက်၊ တီးတိန်၊ ဟားခါး နှင့် မတူပီနယ် အသီသီမှလည်း တက်ရောက်လာကြသည်ပင်ဖြစ်သည်။ ဖလမ်းနယ်မှ တိုက်သူကြီးများကလည်း မိမိတို့အုပ်ချုပ်သော တိုက်နယ်အသီးသီးမှ ရွာသူ၊ သားများအား ညီလာခံသို့ တက်ရောက်ရန် အမိန့်ပေးခဲ့ကြသည်။ လူထုတစ်ချို့မှာမူ နိုင်ငံရေးအသိအမြင်ကြောင့် လွပ်လပ်ရေးအောင်ပွဲသဘင် နှင့် လူထုညီလာခံသို့တက်ရောက်လာခြင်းမျိုးမဟုတ်ဘဲ ပြည်ထောင်စု သမ္မတ စပ်ရွှေသိုက် နှင့် ချင်းရေးရာဝန်ကြီး ဦးဝမ္မသူးမောင်း နှင့် နိုင်ငံတော်အကြီးအကဲများအား တွေဆုံချင်ကြသောကြောင့်ဖြစ်သည်။ နိုင်ငံတော် သမ္မတ နှင့် အကြီးအကဲများ ဧည့်သည်တော်များ ကျွေးမွေးရန် ဘက်ဂျက် ရူပီ ၂၁၀၀၀ ရှိသည့်အပြင်၊ ချင်းလူမျိုးများသည် လွတ်လပ်စွာ ပြောဆိုနိုင်သည့် ပထမဆုံး အခွင့်အရေးနှင့် ကြုံတွေ့သည့်အချိန်အခါလည်းဖြစ်သည်နှင့်အမျှ လူထု ၅၀၀၀ ကျော်တက်ရောက်ခဲ့သည် မှာလည်း မထူးဆန်းလှပေ။
လူထုအစည်အဝေးမှ ဆုံးဖြတ်ချက်
ဖေဖော်ဝါရီ ၂၀ ၊ ၂၊ ၁၉၄၈ ခုနှစ်တွင် ဖလမ်းမြို့၌ ကျင်းပသော လူထု ၅၀၀၀ ကျော်တက်ရောက်သည့် အစည်း အဝေးတွင်အကြောင်းအရာများစွာဆွေးနွေးကြသည်။ ၂၀ ရက်နေ့အစီအစဉ်တွင် ပညာရေး၊ ကျန်းမာရေးနှင့် သူယူပို့ဆောင်ရေအကြောင်းများဆွေးနွေးကြသည်16။ ထိုသို့ဆွေနွေးရာ အစပထမတွင် အကြီးအကဲထဲမှ ကိုယ်စားလှယ်တစ်ဦး၊ လူထုမှကိုယ်စားလှယ်တစ်ဦး နှင့် တစ်နယ်မှ နယ်ဝန်ထောက်တစ်ဦးစီသာ ပြောဆိုခွင့်သတ်မှတ်ထားသော်လည်း လူများစွာပါဝင်ဆွေးနွေးကြတော့သည်16။ ထို့နောက်လူများစောင့်ဆိုင်းနေကြသော အကြီးအကဲအုပ်ချုပ်ရေးစနစ်စားထို့ရန် တီးတိန်နယ်မှ ဦးထောင်းဇာကိုင် (Thawng Za Khai) ကအဆိုတင်သွင်းရာ ဖလမ်းမြို့မှ ဦးဆွမ်းမန် (Sum Mang) နှင့် ကန်ပက်လက်မှ ဦးထန်းမောင်း (Thang Mawng) တို့ကထောက်ခံကြသည်15။ အဆိုကိုတက်ကြွစွာ နှင့် အချိန်အတန်ကြာအောင် ဆွေးနွေးကြရာ၊ ကန်ကွက်သူများ ရှိသဖြင့် အခမ်းအနားသဘာပတိက မဲခွဲရန်ဆုံးဖြတ်ခဲ့ကြသည်။ အဆိုကို ထောက်ခံမဲ ၅၀၀၀ နှင့် ကန့်ကွက်သူ ၁၇ ဖြင့်အတည်ပြုခဲ့ကြသည်။
စုံစမ်းရေးကော်မရှင်အစီရင်ခံစာ နှင့် ချင်းရေးရာကေင်စီ၏ အောင်မြင်မှုများ
စုံးစမ်းရေး ကော်မရှင်သည် ဖလမ်း လူထုအစည်းအဝေးကြီးအပြီး ဖေဖော်ဝါရီ ၂၂ မှ ၂၆ ထိစည်းရုံးရေးလုပ်ငန်းများ ထပ်မံဆောင်ရွက်ခဲ့ကြပြီး လူထုအများစုက တိုက်သူကြီးများအုပ်ချုပ်သည့်စနစ်ကို အစားထိုးရန်ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း ချင်းတောင်အခြေနေမှာ တင်းမာနေဆဲပင်ဖြစ်သည်။ ကော်မတီသည် အစိုးရဝန်ထမ်းများ၏ အယူအဆကိုလည်းမေးမြန်းကြရတော့သည်။ ချင်းဝိဒေသတို်င်းမှ နယ်ဝန်ထောက်များ၏ တရားဝင်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၆ ရက်တွင်ကျင်းပကြရသည်16။ ကော်မရှင်သည် ၎င်း၏အစီရင်ခံစာကို ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေံတွင် မြန်မာနိုင်ငံတော် ဝန်ကြီးများအဖွဲသို့ တိုက်သူကြီးများအား မနစ်နာစေရန်ပင်စင်ထောက်ပ့ံကြေး များပေးရန်၊ ရှေးခေတ်မှအသုံးပြုသော ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးဖြင့် ပြောင်းလဲရန် တင်သွင်းခဲ့ကြသည်15။ ထိုအစီရင်ခံစာသည် ချင်းတောင်တစ်ခွင်တွင် စုံးစမ်းခြင်းပြုလုပ်သည့်အဖြေများဖြစ်သည်နှင့်အမျှ လူထုဆန္ဒကိုပေါလွင်စေသည်။ နိုင်ငံတော်အစိုးရမှလည်း အဆိုတင်သွင်းမှုများကို ထောက်ခံပြီး၊ ချင်းရေးရာကောင်စီက ၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်း ( ဥပဒေများ နှင့် သက်ဆိုင်ခြင်း) အက်ဥပဒေကို ၁၂-၁၀-၁၉၄၈ ခုနှစ်တွင် ကျင်းပသည့် တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) ညီလာခံက အက်ဥပဒေအဖြစ် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ ထိုညီလာခံတွင် ချင်းရေးရာကောင်စီမှ ရေးဆွဲထားသော “ချင်းဝိဒေသတိုင်း အက်ဥပဒေ ၁၉၄၉ (Chin Special Division Act 1949)” ကိုလည်း အတည်ပြုခဲ့ကြသည်။ ချင်းလူမျိုးများကိုယ်တိုင်ရေးဆွဲထားသော ၎င်းအတည်ပြုသော အက်ဥပဒေအားဖြင့် ဗြိတိသျှတို့ရေးဆွဲသော ၁၈၉၆ ခုနှစ် ချင်းတောင်တန်း အက်ဥပဒေကို အစားထိုး ဖျက်သိမ်းလိုက်သည်။
ချင်းအမျိုးသားနေ့ အတွက် ရက်ရွေးချယ်ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း နှင့် အတည်ပြုခြင်း
ဦးဝမ္မသူးမောင်းခေါင်းဆောင်သော ချင်းရေးရာကောင်စီသည် အုပ်ချုပ်ရေးပြောင်းလဲခြင်း၊ ချင်းတောင်ဖွိ့ဖြိုးရေးလုပ်ငန်များ နှင့် ဒီမိုကရေစီကျင့်စဉ်များ ပညာပေးဟောပြောခြင်း စသည့်လုပ်ငန်းများဖြင့် ၁၉၄၈-၄၉ အတွင်းလုန်းပန်း ကြိုးစားကြရသည်။ ချင်းလူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ကွဲပြားခြားနားပြီး အရေးပါသော လူမျိုးစု ဖြစ်သည်နှင့် စည်းလုံးညီညွတ်ရေးမှာ အရေးကြီးလိုအပ်သည်ကိုလည်း အသိအမှတ်ပြုလာကြသည်။ ထို့ကြောင့်ချင်းရေးရာကောင်စီသည် ပြန့်ကျဲကင်းကွာနေသော မိမိတို့၏လူမျိုးကို နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် စည်းရုံးရန် ချင်းအမျိုးသားနေ့ လိုအပ်သည်ကို လည်းနားလည်လာကြသည်။ ထို့ကြောင့် ၁၉၅၀ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီ အစည်းအဝေးသို့ ဦးဝမ္မသူးမောင်းမှ ချင်းအမျိုးသားနေ့ရှိသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။ ထိုအတွက် ချင်းအမျိုးသားနေ့အတွက် ရက်တစ်ရက်ရွေးချယ်ရန် နှင့် အတည်ပြုရန်ဖြစ်သည်။ ဦးဝမ္မသူးမောင်း၏ အကြောင်းပြချက်သည် ရှင်းလင်းသည်။ ကမ္ဘာအနှ့ံတွင် အမျိုးသားနေ့များရှိကြသည့် အစဉ်အလာရှိသောကြောင့် သူ့အနေနှင့် ချင်းလူမျိုးတို့သည်လည်း အမျိုးသားနေ့ရှိသင့်သည်ဟု ယူဆခြင်းကြောင့်ဖြစ်သည်။ ထိုအဆိုကို မတူပီမှ ဦးဆန်းနိန်းက ထောက်ခံသည်။ ဦးဝမ္မသူးမောင်းမှ ဆက်လက်တင်ပြရာတွင် သူသည် ချင်းဝိဒေသတိုင်း တိုင်းမင်းကြီး (Commissioner) နှင့် ယင်းကိစ္စကိုဆွေးနွေးခဲ့ရာ ရက်သုံးရက်ကိုအာရုံစိုက်ထားသော်လည်း မည်သည့်ရက်ဟုမဆုံးဖြတ်ရသေးကြောင်း၊ ချင်းကိုယ်စားလှယ်များအား စုံးစမ်းရေးကော်မရှင်ရှိရာ မေမြို့သို့ပို့သောနေ့၊ ဖလမ်းလူထုညီလာခံ ဖေဖော်ဝါရီ (၂၀) သို့မဟုတ် ချင်းတောင်အက်ဥပဒေပြဌာန်းသောနေ့၊ ထိုသုံးရက်ထဲမှ တစ်ရက်ရွေးပြီး “ချင်းအမျိုးသားနေ့” ကြေငြာရန်ဖြစ်သည်။ ထို့နောက် ဗိုလ်ကြီးမန်တုံးနုံးက (Captain. Mang Tung Nung) ပင်လုံညီလာခံမှအစပြုကာ လွတ်လပ်ရေးရပြီး ဖလမ်းမြို့တွင် တိုက်သူကြီးများအုပ်ချုပ်ရေး စနစ်အား လူထုမှရွေးချယ်သော ဒီမိုကရေစီ အုပ်ချုပ်ရေုးစနစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည့် သမိုင်းအကြောင်းအရာများကို ရှင်းပြခဲ့သည်။ ထို့နောက် “၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီ” ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ဆွေးနွေးတင်ပြခဲ့သည်။ ၎င်းအဆိုကို ဦးဆန်နိန်း (U Sang Ning) မှ ထောက်ခံခဲ့သည်။ သဘာပတိ ဦးလျန်ထုမ် (U Lian Thum) က ထိုအဆိုကို ကြေငြာပြီး လက်ခံခြင်းရှိ၊ မရှိ ကိုမေးမြန်းရာ၊ ဦးဆန်နိန်းမှ ဆက်လက်ဆွေးနွေးရာတွင် ဖေဖော်ဝါရီလသည် တောင်ပိုင်းချင်းရွာများတွင် စပါးရိတ်သိမ်းချိန်ဖြစ်လေံရှိပြီး လူထုအားလပ်မည်မဟုတ်ကြောင်း ရှင်းပြသည်။ အမျိုးသားနေ့ကို အခြားလသို့ပြောင်းရန် အကြံပြုသည်။ အစည်းအဝေး သဘာပတိ ဦးလျန်ထုမ်၏ ပေးမြန်းချက်အပေါ် ဦးဆန်နိန်းက အမျိုးသားနေ့မှာ ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီ ၂၅ တွင်ဖြစ်သင့်ကြောင်း ပြန်ဖြေခဲ့သည်။ ဗိုလ်ကြီး မန်းတုံးနုံက သူ့အနေဖြင့် ထိုရက်ကိုလူထုအစည်းအဝေးအတွက် ထောက်ခံရခြင်း မဟုတ်ကြောင်း နှင့် အမျိုးသားနေ့အထိမ်းအမှတ်အတွက်ဖြစ်သည် ဟုဆွေးနွေးရှင်းပြသည်။ ဦးဆန်နိန်းက အဆိုကို ဆန့်ကျင် ကန့်ကွက်ခြင်းအဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ၁၉၄၈ ခု၊ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရန် သဘာပတိမှ ကြေငြာသည်။ ကြေငြာချက်ကို တက်ရောက်သူများအားလုံးမှ သဘောတူခဲ့ကြသည်။ သို့ဖြစ်၍ “၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီ” အား ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်သည့်ဆုံးဖြစ်ချက်ကို သဘာပတိမှ အတည်ပြုခဲ့သည်။ ဤသို့ဖြင့် ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ၁၉၅၁ ခုနှစ်တွင် မင်းတပ်မြို့္ပ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပြီး ဦးဝမ္မသူးမောင်မှ မိန့်ခွန်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတကြီး၊ အခြားနိုင်ငံရေးခေါင်းဆောင်များ နှင့် အကြီးအကဲများမှ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
———————————
ဆက်လက်ဖော်ပြပါမည်။ ဇာတ်သိမ်းပိုင်းတွင် ဦးဝမ္မသူးမောင်း၏ချင်းအမျိုးသားနေ့အား ချင်းပြည်နယ်နေ့သို့ပြောင်းလဲရန်ကြိုးပမ်းရာတွင် သူ၏ကာကွယ်ချက်များ၊ ကွယ်လွန်ခြင်း၊ နိုင်ငံတော်မှ ဂုဏ်ပြုခံရခြင်း အကြောင်းများ ဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။
[1] Telegram (P) No.71 & 72 from D.C Chin Hills, Camp Kanpetlet to Magwe Commissioner dated 11-Mar-1940.
[2] U Vum Thu Mawng Memoirs written in 1964.
[3] Magwe Commissioner Report to Defence Department Dated 2-5-1940.
[4] Petition to H.Q.A Falam from 16 Ro prisonners. Dated 20-09-1940
[5] Deputy Secretary. I.G.F.F report dated 8-4-40v & 10-4-40
[6] U Vum Thu Mawng Biography by U Sein Yaw Aung
[7] Telegram No.271 from Capt.Melville to Magwe Commissioner dated 14-5-40.
[8] Report No. 2545. H.Q.A Falam to D.C Chin Hills. Dated 15 July 1940
[9] Report by H.Q.A Falam, dated. 03 July 1940.
[10] Report form Mr. Naylor to J.Po Nyo from Mindat. Dated 01 May 1940.
[11] Tour No. 129 dated 01-05-40 Report from Chin Hills DC Mr. Naylor to Magwe Commissioner
[12] Aung San Su Kyi, Burma and The General: The Perfect Hostage by Justin Wintle
[13] No.12/MS U Thei Maung (D.C of Chin Hills)
[14] http://moemaka.blogspot.co.uk/2008/10/patriotic-dee-doke-u-ba-cho.html
[15] Falam Centanary Megazine, 1951 Chin National Day – U Vum Thu Mawng Speech
[16] Chin National Day by Hrang Thar
Nawn Khar. He quoted documents from National Archive Department Yangon
& Chin Files from Rangoon University.
————————————————————————————-
Post By: Salai Van Cung Lian (UK)
Source: www.chinworld.info
Share By: Zo Sangpy
Post By: Salai Van Cung Lian (UK)
Source: www.chinworld.info
Share By: Zo Sangpy
No comments:
Post a Comment
ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/
ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်