PUZONET သို့ ရောက်လာကြသူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာရွှင်လန်းရှိကြ ပါစေ၊ ဤBlogကလေးပြုလုပ်ခြင်းသည်စာပေဗဟုသုတများ တိုးစေရန်ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

The perfect time to celebrate the love of God and family and to create memories that will last forever. Jesus is God's perfect, indescribable gift. The amazing thing is that not only are we able to receive this gift, but we are able to share it with others and every other day of the year.

တစ်ဦးသိတာနောက်တစ်ဦးကို မျှပေးတာ မင်္ဂလာရှိ၏

SA╬AI-Z❤ -SANGPY ®

ချင်းအမျိုးသားနေ့သမိုင်း

နိဒါန်း

ချင်းအမျိုးသားနေ့ကို ကျင်းပတဲ့အခါတိုင်း မိန့်ခွန်းများတွင် ဘာကြောင့် ကျင်းပရသလဲဆိုတာကို အမြဲပြောလေ့ရှိပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း မတူကြပါဘူး။ တချို့က… တိုက်သူကြီး၊ ရွာသူကြီးစနစ်ကနေ ဒီမိုကရေစီစနစ် ပြောင်းလဲအသုံးပြုဖို့ ဆုံးဖြတ်တဲ့နေ့၊ တချို့ကတော့… ဖလမ်းမြို့မှာ လူပေါင်း ၅ ထောင် တွေ့ဆုံပြီး ဆုံးဖြတ်တာဖြစ်တဲ့အတွက် စည်းလုံးမှုပြယုဒ်ဖြစ်လို့… စသဖြင့် ပြောဆိုကြသည်။ တချို့ကလည်း… ဘိုးဘွားတွေ နှစ်ပေါင်းများစွာကျင့်သုံးလာခဲ့တဲ့ တိုက်သူကြီး၊ ရွာသူကြီးစနစ်ကို ဖျက်သိမ်းတာဖြစ်တဲ့နေ့ကို ချင်းအမျိုးသားနေ့လို့ မခေါ်သင့်ကြောင်း ပြောကြသည်။ ချင်းသမိုင်းကြောင်းပြေကြသောအခါတွင်လည်း တစ်ဦးနှင့်တစ်ဦးမတူကြပေ။ သာဓကအားဖြင့် ကန်ပက်လက်သပိတ် ဖြစ်ရက်နေ့အား တစ်ချို့က ၁၉၃၈၊ တစ်ချို့က ၁၉၄၀ တွင်စသဖြင့် ကွဲပြားလျက်ရှိသည်။ ကန်ပက်လက်သပိတ် တက်ရောက်သူ လူထုလည်း တစ်ချို့က ၃၀၀၀၊ တစ်ချို့က ၁၀၀၀ စသဖြင့် ရေးသားပြောဆိုမှုများ တွေ့ရှိရသည်။ ဒါကြောင့် ချင်းသမိုင်းအကျဉ်းချုပ်နဲ့ ချင်းအမျိုးသားနေ့ရဲ့ အနှစ်သာရကို ပြန်သုံးသပ်ကြည့်ချင်ပါတယ်။

ကန်ပက်လက်သပိတ် ရက်ရှင်းလင်းခြင်း
ချင်းအမျိုးသားနေ့သမိုင်းအကြောင်းပြောပြခင် ကန်ပက်လက်အရေးခင်း ဖြစ်သည့်နေ့ရက် နှင့် တက်ရောက်သူ လူထုဦးရေအကြောင်း ပထမဆုံးပြောချင်ပါတယ်။ ဤအကြောင်းအား စုံးစမ်းနိုင်ရန်အတွက် လန်ဒန်မြို့ရှိ The British Library နှင့် ရန်ကုန်မြို့ရှိ အမျိုးသားမော်ကွန်းဌာန များသို့ သွားရောက်လေ့လာခဲ့ပါသည်။ မကွေးတိုင်းဝန်တော်ရှင်မင်း Mr.McCraken ၏အစီရင်ခံစာ (IAO-6110 pg. 13-14 & 80–88 – [See Below]) တွင်မူကန်ပက်လက်သပိတ်မှာမူ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ဖြစ်အကြောင်း၊ တက်ရောက်သူလူဦးရေမှာ ၁၀၀၀-၁၅၀၀ ရှိုပြီး မကွေးတိုင်းဝန်တော်ရှင်မင်းမှ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့၏ တောင်းဆိုချက်များအား မလိုက်နာနိုင်ကြောင်း ပြောဆိုသေားအခါ တောင်းဆိုချက် များကို မလိုက်လျှောနိုင်ကြောင်း ကြေငြာသည်ကို ဦးဝမ္မသူးမောင်း ခေါင်းဆောင်သော ချင်းအမျိုးသား ၂၀၀-၃၀၀ မခံမရပ်နိုင်ဖြစ်ပြီး ရုတ်တရက်ကြွေးကျော်ဆန္ဒပြခဲ့ကြသည် ဟုရေးသားထားသည်ကို တွေ့ရှိရသည်။

ချင်းသမိုင်းအကျဉ်းချုပ်
ဗြိတိသျှတွေ ချင်းတောင်တန်းကို မသိမ်းပိုက်ခင်အချိန်အထိ ချင်းပြည်ဟာ တခြားလူမျိုးတွေရဲ့ လွှမ်းမိုးမှုမရှိဘဲ မိမိရိုးရာ၊

ဓလေ့များနှင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်။ ချင်းသမိုင်းတွင် ထူဆန်းသည့်ဖြစ်ရက်တစ်ခုမှာ “တာရွှန်း” မျိုးနွယ်စု တွေဟာ တရားစီရင်ရေးကိစ္စရပ်များအပေါ် ဆုံးဖြတ်ချက်ချမှတ်ရန်အတွက် ဒီမိုကရေစီကျင့်စဉ်များအတိုင်း လိုက်နာကျင့်သုံးကြသည်။ “တာရွှန်း” တွေဟာ လူထုက ရွေးချယ်တဲ့ “ဖလှမ်းကောင်စီ” မှနှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ကြသည်။ တခြားဒေသတွင်မူ တိုက်သူကြီးစနစ် (၀ါ) ပဒေသရာဇ်စနစ်ကို ကျင့်သုံးခဲ့ကြသည်။ ချင်းလူမျိုးအားလုံး နိုင်ငံရေးစနစ်တခုအောက်မှာ အတူတကွ မရှိခဲ့ကြသော်လည်း နိုင်ငံရေး၊ စီးပွားရေးအရ ခိုင်မာတောင့်တင်းသော လူမှုအသင်းအဖွဲ့ကိုကား တည်ဆောက်ခဲ့ကြပြီးဖြစ်သည်။ တစ်နယ်နှင့်တစ်နယ် ကြဇာအာဏာလွှမ်းမိုးလာနိုင်ရန်အတွက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်မှာလည်း ထိုကာလ၏ ဖြစ်စဉ်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

ဗြိတိသျှတို့သည် ချင်းတောင်တန်းအား သိမ်းပိုင်ရန်တက်လာခဲ့သော အချိန်တွင်လည်း ချင်းတို့သည် ညီအစ်ကိုအချင်းချင်းအကြား ဖြစ်ပွားလေ့ရှိသော ပြိုင်ဆိုင်မှုများကို ဘေးချိတ်ထားကာ စည်းလုံးညီညွတ်စွာနဲ့ တော်လှန်ခဲ့ကြသည်။ ကမ္ဘာရန်သူများဖြစ်ကြသော Zokhua နှင့် Sakta တိုသည်လည်း မဟာမိတ်ဖွဲ့ခဲ့ကြသည်။ ထိုနည်းတူစွာ Senthang နှင့် Zotung၊ နော်ကပြီး Sizang၊ Sukte နှင့် Kamhau တိုသည့်လည်း ဗိုလ်ကြွန်ဘိတ်ခေါင်းဆောင်ပြီး ဖလမ်းရွာမတွင် စုစည်သော စစ်သည်တော် ၃၀၀၀ (Tlausun, Zahau, Hualngo, Khuangli etc…) ကျော်နှင့်အတူ တိုင်ပင်ခဲ့ကြပြီး နယ်ချဲ့ဗြိတိသျှတို့အား ဗြိတိသျှတို့အား တော်လှန်ခဲ့ကြသည်။

ဗိုလ်ကြွန်ဘိခ် နှင်း ဖလမ်းမျိုးနွယ်စု ခေါင်းဆောင်များ

ဗိုလ်ကြွန်ဘိခ် နှင်း ဖလမ်းမျိုးနွယ်စု ခေါင်းဆောင်များ

၁၉၃ဝ ခုနှစ် နောက်ပိုင်းကာလတွေကစပြီး ဦးဝမ်းသူမောင်းဦးဆောင်တဲ့ ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေး အဖွဲ့ကလည်း လွတ်လပ်ရေးရရှိဖို့ အပြင်းအထန် လှုပ်ရှားခဲ့ကြသည်။ ထိုနိုင်ငံရေးလှုပ်ရှားမှုအတွက်ကြောင့် အဖွဲ့ခေါင်းဆောင်များ နှင့် အဖွဲ့သား ၁၃၅ ကျော် ဖမ်းဆီးချုပ်နှောင်ခဲ့သည်အထိ ဖြစ်ပွားခဲ့သည်။ ဗြိတိသျှတို့ ချင်းပြည်ကိုသိမ်းပိုက်ပြီးနောက်ပိုင်းမှာ အုပ်ချုပ်မှုလွယ်ကူစေဖို့အတွက် တိုက်သူကြီးတွေကို အာဏာပေးပြီး အုပ်ချုပ်စေခဲ့ပါတယ်။ တိုက်သူကြီးတွေက လူထုကို အခွန်ကောက်ပြီး၊ ရရှိတဲ့အခွန်ကို ဗြိတိသျှတို့နဲ့ တဝက်စီခွဲဝေခဲ့ကြပါတယ်။ ထိုအခွန်များဖြင့်ပင် ချင်းတောင်တွင် လမ်း၊ ကျောင်းများ ဆောက်လုပ်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိဖို့ နီးကပ်လာချိန်မှာ ချင်းပြည်ရဲ့ရှေ့ခရီးကို စဉ်းစားဆုံးဖြတ်နိုင်ဖို့အတွက် Pu Hlur Hmung, Pu Kio Mang, Pu Pum Za Mang  နဲ့ စကားပြန် Pu Kawl Sung တို့ဟာ ၁၉၄၆ ခုနှစ် ပင်လုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ အဲဒီနောက် ၁၉၄၆ ခုနှစ် အောက်တိုဘာလမှာ တိုက်သူကြီးများနှင့် ချင်းတောင်အရာရှိ စုစုပေါင်း ၅၂ ယောက်သည် ဖလမ်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး.. ချင်းတောင်သည် ဗြိတိသျှလက်အောက်တွင် ဆက်လက်နေရန်၊ တခြားတိုင်းရင်းသားတွေနဲ့ အတူအကွ ဆက်သွယ်လုပ်ကိုင်ရန်၊ ကိုယ့်ကံကြမ္မာကိုယ်ပြဌာန်းခွင့်ရရှိမယ်ဆိုရင် ဗမာပြည်နဲ့ပေါင်းမယ်၊ မရဘူးဆိုရင် မပေါင်းဘူး… ဆိုတဲ့အချက် (၄) ချက်ကို သဘောတူခဲ့ကြပါတယ်။

Pu Hlur Hmung, Pu Kio Mang, Pu Pum Za Mang နဲ့ စကားပြန် Pu Kawl Sum

Pu Hlur Hmung, Pu Kio Mang, Pu Pum Za Mang နဲ့ စကားပြန် Pu Kawl Sum

၁၉၄၆ ခု ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ကျင်းပသော ဖ.ဆ.ပ.လ ပြည်လုံးကျွတ်ညီလာခံကြီး သို့ ချင်းတောင် ဖ.ဆ.ပ.လ အဖွဲ့ကိုယ်စားလှုယ်အဖြစ် ဦးဝမ္မသူးမောင်း ကိုယ်တိုင်တက်ရောက်ခဲ့ပြီး၊ လုံးဝလွပ်လပ်ရေး အဆိုကို တောင်တန်းပြည်မတစ်ချိန်တည်း တပြိုင်နက်ပေးရန်အဆိုကို တောင်တန်းသားများ အားလုံးကိုယ်စား ထောက်ခံတင်ပြခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဦးဝမ္မသူးမောင်း နှင့် ချင်းကိုယ်စားလှယ်တို့သည် မေမြို့နှင့် ညောင်ရွှေမြို့တို့သို့သွားရောက်ကာတောင်တန်း ပြည်မထာဝစဉ်ပူးပေါင်းရေးကို ရှမ်းစော်ဘွာများနှင့်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အောင်ဆန်း-အက်တလီသဘောတူညီချက်တွင် တောင်တန်းဒေသ များတွင် နေထိုင်သော သူများ၏ လွတ်လပ်သော သဘောတူချက်နှင့်အညီ ပြည်မနှင့် အချိန်မနှောင်း ပေါင်းစည်းခြင်း အောင်မြင်ရန်ဟူသော အချက်လည်းပါဝင်ခဲ့သည်။ သို့ဖြစ်၍ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးက တောင်တန်း-ဗမာချစ်ကြည်ရေးများအတွက် ဆောင်ရွက်ကြရသည်။ ချင်း-ဗမာချစ်ကြည်ရေးဆောင်ရွက်ရန်အတွက် ဦးဝမ္မသူးမောင်း၊ ဦးဘခိုင် နှင့် ဦးမောင်ကလေးတို့သည် ချင်းတောင် မြောက်ပိုင်းတွင် ချစ်ကြည်ရေးခရီးစဉ်များဆောင်ရွက်ရန်၊ နောက်ပြီး ရဲဘော်စံထွန်း၊ ဦးအောင်မင်းတို့သည် ချင်းတောင်၊ တောင်ပိုင်းသို့ ချစ်ကြည်ရေခရီးစဉ်များအတွက် စည်းရုံးရေးများဆင်းခဲ့ကြသည်။

Extract From Reuter & Daily Review

Extract From Reuter & Daily Review

၁၉၄၇ ခုနှစ်၊ မတ်လ ၃ ရက်မှ ၅ ရက်အထိ ချင်းဗမာ ချစ်ကြည်ရေးညီလာခံအား ထီးလင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။ အဲဒီပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက်ရန် အစီအစဥိရှိသော်လည်း တောင်တန်းဒေသ အုပ်ချုပ်ရေးကိစ္စတွေ စုံစမ်းဖို့ ရောက်လာကြတဲ့ ဗြိတိသျှကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံးဖို့ရှိတာကြောင့် ဒီးဒုတ်ဦးဘချိုအား တက်ရောက်ဖို့ ပန်ကြားခဲသည်။ ချင်းကိုယ်စားလှယ်အဖြစ် ဦးဝမ္မသူးမောင်း ဦးဆောင်ခဲ့ပြီး ညီလာခံတွင်  လူထုအင်အား တစ်သောင်းကျော်တက်ရောက်ခဲ့ကြသည်။ထိုချစ်ကြည်ရေးညီလာခံတွင် ချင်းလူမျိုး ကိုယ်စားလှယ်အဖြစ် ဦးဝမ္မသူးမောင်း နှင့် Pu Za Hu (Zokhua)တို့မှ ဦးဆောင်ခဲ့သည်။

တောင်းတန်းသားများ၏ ရှေ့ရေး နှင့် စပ်လျည်း၍ ဆွေးနွေးရန်အတွက် ၁၉၄၇ ခု၊ မတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့တွင် ညောင်ရွှေဟော်တွင် ကျင်းပသော အစည်းအဝေး ဦးဝမ္မသူးမောင်း နှင့် ချင်းတောင်မြောက်ပိုင်း နယ်အသီးသီးမှ ကိုယ်စားလှယ်ပေါင်းစုံတက်ရောက်ခဲ့ကြပြီး ၁) တန်တူအခွင့်အရေး ၂) ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး နှင့် ၃) ခွဲထွက်လိုပါက အချိန်မရွေး ခွဲထွက်ခွင့်ရှိနိုင်ခွင့် ဟူသေားဆုံးဖြတ်ချက်များအား ချမှတ်ကာ ဗြိတိသျှအစိုးရထံသို့တစ်စောင် နှင့် ဖ.ဆ.ပ.လ အဖွဲ့ချုပ်သို့တစ်စောင် ပေးပို့ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် ကျင်းပသော ပင်လုံညီလာခံကြီး သို့ ချင်းကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး မြန်မာပြည်နှင့် ပူးပေါင်းရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် ချင်းလူထု၏ ဘဘောထားကို ရှင်းလင်းစွာ သိရှိနိုင်ရန်အတွက် ဗြိတိသျှတို့မှ တောင်တန်းဒေသ စုံးစမ်းရေးကော်မရှင်အားဖွဲ့စည်းကာ လူထုဆန္ဒအား မေမြန်းရာ ပြည်မနှင့် ပူးပေါင်းလိုကြောင်း စုံးစမ်းရသည်။

လွပ်လပ်ပြီးခေတ်၊ ချင်းမျိုးသားနေ့အတွက်ကြိုးပမ်းမှုများ
၁၉၄၈ ခုနှစ် ဇန္နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်း အခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့ အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ ပေါ်ပေါက်လာခဲ့ပါသည်။ လူထု၏ဆန္ဒအရ ချင်းတောင်တန်းတွင် ရှေးယခင်ခေတ်အဆက်ဆက်မှ ဗြိတိသျှခေတ်အထိ အသုံးပြုခဲ့သည့် စနစ်ဟောင်းကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရန် ချင်းရေးရာဌာနရဲ့ ပထမဆုံးလုပ်ငန်းအနေဖြင့် ကြိုးစား ဆောင်ရွက်ခဲ့ကြသည်။ ချင်းရေးရာဝန်ကြီးဌာနသည် ပြည်သူများ၏လိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန်အတွက် အပြင်းအထန်အထူးကြိုးစားကြသည်။ ချင်းရေးရာဌာနက ၂၂ ဇန်နဝါရီ ၁၉၄၈ ခုနှစ်တွင် ဝန်ကြီးအဖွဲ့သို့ ချင်း တောင်စုံစမ်းရေးကော်မရှင်ဖွဲ့ပေးရန် တင်ပြခဲ့သဖြင့် ၆ ဖေဖော်ဝါရီ ၁၉၄၈ တွင် ထိုကော်မရှင် ဖွဲ့စည်းခဲ့ပါသည်။ ၄င်းအဖွဲ့တွင် ဦး ဝမ္မသူးမောင်း၊ စည်သူ ဦးသိမ်းမောင် ( အေ – တီ – အမ်) နှင့် ဦး စိုးဝင်း ( အမျိုးသား ပညာဝန်ဟောင်း) တို့ ပါဝင်ကြသည်။ ကော်မရှင်၏ အဓိကရည်ရွယ်ချက်နှင့်လုပ်ငန်းများမှာ တိုက်သူကြီးများနှင့် သူကြီးများခံစားရသော စိတ်သဘောထားကို တိကျစွာ စူစမ်းရှာဖွေရန်၊ တိုက်သူကြီများကောက်ခံလျက်ရှိသော အခွန်တော်ပပျောက်ရေးကို လှုံ့ဆောက်ကြွေးကြော်လျက်ရှိသည့် လုပ်ငန်းများအပေါ်တွင် လူထု၏ဆန္ဒကို စုံစမ်းရန််၊ အခြားတစ်ဖက်တွင် ထိုသို့ဖြုတ်ချရာတွင် အစိုးရတွင် တတ်နိုင်သမျှငွေကုန်ကျသက်သာစေရန် အစိုးရအုပ်ချုပ်ရေးပြောင်းလဲရာတွင် အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ အကျိုးကိုမထိခိုက်စေရန် နည်းလမ်းများရှာဖွေပြီး အစိုးရထံသို့အစီရင်ခံစာနှင့်တစ်ကွ ထင်မြင်ယူဆချက်နှင့် ထောက်ခံချက်တို့ကိုပါ တင်သွင်းရန်ဖြစ်သည်။ ကော်မရှင်သည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၂-၁၈ ရက်များတွင်း တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ် နှင့် ဟားခါးမြို့နယ်တို့တွင် လူထုကိုယ်စားလှယ်၊ တိုက်အုပ်၊ သူကြီးများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ ဆန္ဒကိုစုံစမ်းစစ်ဆေးခဲ့သည်။

ဖလမ်းမြို့လူထု ညီလာခံဘဘင်
အဲဒီလို စုံစမ်းစစ်ဆေးစစ်ဆေးမှုများ ပြုလုပ်နေစဉ် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၉-၂၂ ရက်အထိ ဖလမ်းမြို့မှာကျင်းပတဲ့လူထုညီလာခံသဘင် ကျင်းပခြင်းနှင့် တိုက်ဆိုင်ခဲ့ပါသည်။ လူများက ဖလမ်းမြို့လူထု ညီလာခံသည် တိုက်သူကြီးများဖြုတ်ချနိုင်ရေးအတွက် လူထုဆန္ဒကောက်ခံရန်ကျင်းပခြင်းဖြစ်သည်ဟု ထင်မှတ်ကြသည်။ အမှန်စင်စစ် ဤညီလာခံသည် လွတ်လပ်ရေးအောင်ပွဲ အခန်းအနားကျင်းပရန်အတွက် စီစီစဉ်ရခြင်းဖြစ်သည်။ လွတ်လပ်ရေနေ့သည် ဇန်နဝါရီ (၄) ရက်တွင် ရရှိခဲ့သည်မှန်သော်လည်း ဖလမ်းမြို့သို့ ပြည်ထောင်စု သမ္မတကိုယ်တိုင် နှင့် နိုင်ငံတော်အကြီအကဲများ တက်ရောက်ရန်ဖြစ်သောကြောင့် ဖေဖော်ဝါရီ ၁၉-၂၂ ရက်တွင် ကျင်းပရခြင်းဖြစ်သည်။ ဤညီလာခံအတွက် အစိုးရမှ ဘက်ဂျက် ရူပီ-၂၁၀၀၀/ ကိုခွဲဝေချထားသည်။ နည်းလှသည့် ဘက်ဂျက်မဟုတ်ပေ၊ ထိုခေတ်ကာလတွင် စစ်သာတစ်ဦး၏လစာသည် တစ်လလျင် ရူပီ-၁၅၊ အစိုးရဝန်ထမ်း ပျမ်းမျှတစ်လဝင်ငွေမှာ ရူပီ ၃၀ နှင့် နွားနောက်တစ်ကောင်သည် ရူပီ ၂၀ ရှိသည်။ ထိုအခမ်းအနားသို့ ပြည်ထောင်စု သမ္မတစပ်ရွှေသိုက် ကိုယ်တိုင်တက်ရောက်ခဲ့သည်။

ထိုအစည်းအဝေးသို့တက်ရောက်သော လူဦးရေသည် ၅၀၀၀ ကျော်ရှိသည်မှာလည်း လူအများမှ သံသယရှိကြသည်။ လူထု ၅၀၀၀ ကျော်တက်ရောက်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုစဉ်က တာဝန်ထမ်းဆောင်သည့် ဟားခါးမြို့နယ် အထက်လွတ်တော်အမတ် ဦရိုတန် (Pu Ro Thang) ကလည်း မှန်ကန်ကြောင်းပြောဆိုခဲ့သည်။ ထိုအချိန်က ဖလမ်းအရေးပိုင် ဦးတွန်မှုန်း (Pu Tuang Hmung) ၏နှစ်စဉ်အစီရင်ခံစာတွင်လည်း ရှင်းလင်းစွာဖော်ပြထားသည်မှာ ဧည့်သည်စုစုပေါင်း ၅၀၀၀ ခန့်ရှိပြီး ချင်းတောင်ကဲ့သို့သော နေရာမျိုးတွင် ထိုမျှလောက်သော လူစာရင်းသည် နည်းသည်မဟုတ်ဟုဆိုပါသည်။ ၎င်းးအစီရင်ခံစာတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးကား ကန်ပက်လက်နှင့်ပလက်ဝ (ထိုအချိန်က ရခိုင်တောင်တန်း) နုယ်မှ ကိုယ်စားလှယ်များချင်းသမိုင်းတွင် ပထမဦးဆုံးအကြိမ်ပါဝင်လာမှု အထူအလေးပေးဖော်ပြခဲ့သည်။ ပလက်ဝနယ်မှ လူတစ်ဦသည် ခြေကျင်ခရီးဖြင့် ဖလမ်းသို့ အရောက် လျှောက်လာခဲ့သည်။ ထိုနည်းတူစွာပင် ကန်ပက်လက်၊ တီးတိန်၊ ဟားခါး နှင့် မတူပီတို့မှလည်း လာရောက်ကြသည်ပင်ဖြစ်သည်။ ဟားခါးနယ်ဝန်ထောက်မှလည်း တိုက်သူကြီး များအားတက်ရောက်ရန် အမိန့်ပေးခဲ့သည်။ ဖလမ်းနယ်မှ တိုက်သူကြီးများမှလည်း ရွားသားများအား ညီလာခံသို့ အတင်းတက်ရောက်စေခဲ့သည်။ လူထုတစ်ချို့မှာမူ နိုင်ငံရေးအသိအမြင်ကြောင့် ညီလာခံသို့တက်ရောက်လာခြင်းမျိုးမဟုတ်ဘဲ ပြည်ထောင်စု သမ္မတ စပ်ရွှေသိုက် နှင့် ချင်းရေးရာဝန်ကြီး ဦးဝမ္မသူးမောင်း နှင့် နိုင်ငံတော်အကြီးအကဲများအား တွေဆုံချင်ကြသောကြောင့်ဖြစ်သည်။

ဖလမး်မြို့ လူထုအစည်အဝေးမှ ဆုံးဖြတ်ချက်
ဖေဖော်ဝါရီ ၂၀ ၊ ၂၊ ၁၉၄၈ ခုနှစ်တွင် ဖလမ်းမြို့၌ ကျင်းပသော လူထု ၅၀၀၀ ကျော်တက်ရောက်သည့် အစည်း အဝေးတွင်အကြောင်းအရာများစွာဆွေးနွေးကြသည်။ ၂၀ ရက်နေ့အစီအစဉ်တွင် ပညာရေး၊ ကျန်းမာရေးနှင့် သူယူပို့ဆောင်ရေအကြောင်းများဆွေးနွေးကြသည်။ ထိုသို့ဆွေနွေးရာ အစပထမတွင် အကြီးအကဲထဲမှ ကိုယ်စားလှယ်တစ်ဦး၊ လူထုမှကိုယ်စားလှယ်တစ်ဦး နှင့် တစ်နယ်မှ နယ်ဝန်ထောက်တစ်ဦးစီသာ ပြောဆိုခွင့်သတ်မှတ်ထားသော်လည်း လူများစွာပါဝင်ဆွေးနွေးကြတော့သည်။ ထို့နောက်လူများစောင့်ဆိုင်းနေကြသော အကြီးအကဲအုပ်ချုပ်ရေးစန်အစားထို့ရန် တီးတိန်နယ်မှ ဦးထောင်းဇာကိုင် ကအဆိုတင်သွင်းရာ ဖလမ်းမြို့မှ ဦးဆွမ်းမန် နှင့် ကန်ပက်လက်မှ ဦးထန်းမောင်း တို့ကထောက်ခံကြသည်။ အဆိုကိုတက်ကြွစွာ နှင့် အချိန်အတန်ကြာအောင် ဆွေးနွေးကြရာ၊ ကန်ကွက်သူများ ရှိသဖြင့် အခမ်းအနားသဘာပတိက မဲခွဲရန်ဆုံးဖြတ်ခဲ့ကြသည်။ အဆိုကို ထောက်ခံမဲ ၅၀၀၀ နှင့် ကန့်ကွက်သူ ၁၇ ဖြင့်အတည်ပြုခဲ့ကြသည်။

စုံစမ်းရေးကော်မရှင်အစီရင်ခံစာ နှင့် ချင်းဝိဒေသတိုင်းအက်ဥပဒေ
စုံးစမ်းရေးကော်မရှင်သည် ဖလမ်း လူထုအစည်းအဝေးကြီးအပြီး ဖေဖော်ဝါရီ ၂၂ မှ ၂၆ ထိစည်းရုံးရေးလုပ်ငန်းများ ထပ်မံဆောင်ရွက်ခဲ့ကြပြီး လူထုအများစုက တိုက်သူကြီးများအုပ်ချုပ်သည့်စနစ်ကို အစားထိုးရန်ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း ချင်းတောင်အခြေနေမှာ တင်းမာနေဆဲပင်ဖြစ်သည်။ ကော်မတီသည် အစိုးရဝန်ထမ်းများ၏ အယူအဆကိုလည်းမေးမြန်းကြရတော့သည်။ ချင်းဝိဒေသတို်င်းမှ နယ်ဝန်ထောက်များ၏ တရားဝင်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၆ ရက်တွင်ကျင်းပကြရသည်။ ကော်မရှင်သည် ၎င်း၏အစီရင်ခံစာကို ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေံတွင် မြန်မာနိုင်ငံတော် ဝန်ကြီးများအဖွဲသို့ တိုက်သူကြီးများအား မနစ်နာစေရန်ပင်စင်ထောက်ပ့ံကြေး များပေးရန်၊ ရှေးခေတ်မှအသုံးပြုသော ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးဖြင့် ပြောင်းလဲရန် တင်သွင်းခဲ့ကြသည်။ ထိုအစီရင်ခံစာသည် ချင်းတောင်တစ်ခွင်တွင် စုံးစမ်းခြင်းပြုလုပ်သည့်အဖြေများဖြစ်သည်နှင့်အမျှ လူထုဆန္ဒကိုပေါလွင်စေသည်။ နိုင်ငံတော်အစိုးရမှလည်း အဆိုတင်သွင်းမှုများကို ထောက်ခံပြီး၊ ချင်းရေးရာကောင်စီက ၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်း ( ဥပဒေများ သက်ဆိုင်ခြင်း) အက်ဥပဒေကို ၁၂-၁၀-၁၉၄၈ ခုနှစ်တွင် ကျင်းပသည့် တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) ညီလာခံက အက်ဥပဒေအဖြစ် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ ထိုညီလာခံတွင် ချင်းရေးရာကောင်စီမှ ရေးဆွဲထားသော “ချင်းဝိဒေသတိုင်း အက်ဥပဒေ” ကိုလည်း အတည်ပြုခဲ့ကြသည်။ ဤအက်ဥပဒေအရ ၁၈၉၆ ခုနှစ် ချင်းတောင်တန်း အက်ဥပဒေကို ဖျက်သိမ်းလိုက်သည်။

ချင်းအမျိုးသားနေ့ အတွက် ရက်ရွေးခြင်း၊ ဆွေးနွေးခြင်း နှင့် အတည်ပြုခြင်း
ဦးဝမ္မသူးမောင်းခေါင်းဆောင်သော ချင်းရေးရာကောင်စီသည် အုပ်ချုပ်ရေးပြောင်းလဲခြင်း၊ ချင်းတောင်ဖွိ့ဖြိုးရေးလုပ်ငန်များ နှင့် ဒီမိုကရေစီကျင့်စဉ်များ ပညာပေးဟောပြောခြင်း စသည့်လုပ်ငန်းများဖြင့် ၁၉၄၈-၄၉ အတွင်းလုန်းပန်း ကြိုးစားကြရသည်။ ချင်းလူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ကွဲပြားခြားနားပြီး အရေးပါသော လူမျိုးစု ဖြစ်သည်နှင့် စည်းလုံးညီညွတ်ရေးမှာ အရေးကြီးလိုအပ်သည်ကိုလည်း အသိအမှတ်ပြုလာကြသည်။ ထို့ကြောင့်ချင်းရေးရာကောင်စီသည် ပြန့်ကျဲကင်းကွာနေသော မိမိတို့၏လူမျိုးကို နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် စည်းရုံးရန် ချင်းအမျိုးသားနေ့ လိုအပ်သည်ကို လည်းနားလည်လာကြသည်။ ထို့ကြောင့် ၁၉၅၀ အောက်တိုဘာလ (၉) ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီ အစည်းအဝေးတွင် ဦးဝမ္မသူးမောင်းမှ ချင်းအမျိုးသားနေ့ရှိသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။ ထိုအတွက် ချင်းအမျိုးသားနေ့အတွက် ရက်တစ်ရက်ရွေးချယ်ရန် နှင့် အတည်ပြုရန်ဖြစ်သည်။ ဦးဝမ္မသူးမောင်း၏ အကြောင်းပြချက်သည် ရှင်းလင်းသည်။ ကမ္ဘာအနှ့ံတွင် အမျိုးသားနေ့များရှိကြသည့် အစဉ်အလာရှိသောကြောင့် သူ့အနေနှင့် ချင်းလူမျိုးတို့သည်လည်း အမျိုးသားနေ့ရှိသင့်သည်ဟု ယူဆခြင်းကြောင့်ဖြစ်သည်။ ထိုအဆိုကို မတူပီမှ ဦးဆန်းနိန်းက ထောက်ခံသည်။ ဦးဝမ္မသူးမောင်းမှ ဆက်လက်တင်ပြရာတွင် သူသည် ချင်းဝိဒေသတိုင်း၊ တိုင်းမင်းကြီး နှင့် ယင်းကိစ္စကိုဆွေးနွေးခဲ့ရာ ရက်သုံးရက်ကိုအာရုံစိုက်ထားသော်လည်း မည်သည့်ရက်ဟုမဆုံးဖြတ်ရသေးကြောင်း၊ ချင်းကိုယ်စားလှယ်များအား စုံးစမ်းရေးကော်မရှင်ရှိရာ မေမြို့သို့ပို့သောနေ့၊ ဖလမ်းလူထုညီလာခံ ဖေဖော်ဝါရီ (၂၀) သို့မဟုတ် ချင်းတောင်အက်ဥပဒေပြဌာန်းသောနေ့၊ ထိုသုံးရက်ထဲမှ တစ်ရက်ရွေးပြီး “ချင်းအမျိုးသားနေ့” ကြေငြာရန်ဖြစ်သည်။ ထို့နောက် ဗိုလ်ကြီးမန်တုံးနုံးက ပင်လုံညီလာခံမှအစ လွတ်လပ်ရေးရပြီး ဖလမ်းမြို့တွင် တိုက်သူကြီးစနစ်အား အစားထိုးခဲ့သည့် သမိုင်းအကြောင်းအရာများအား ရှင်းပြခဲ့ပြီး “၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီ” အား ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရန်ဆွေးနွေးခဲ့သည်။ ယင်းအဆိုကို ဦးဆန်နိန်းမှ ထောက်ခံခဲ့သည်။

သဘာပတိ ဦးလျန်ထုမ်က အဆိုကို ကြေငြာပြီး လက်ခံခြင်းရှိ၊ မရှိမေးမြန်းရာ၊ ဦးဆန်နိန်းမှ ဆက်လက်ဆွေးနွေးရာတွင် ဖေဖော်ဝါရီလသည် တောင်ပိုင်းချင်းရွာများတွင် စပါးရိတ်သိမ်းချိန်ဖြစ်လေံရှိပြီး လူထုအားလပ်မည်မဟုတ်ကြောင်း ရှင်းပြသည်။ အမျိုးသားနေ့ကို အခြားလသို့ပြောင်းရန် အကြံပြုသည်။ အစည်းအဝေး သဘာပတိ ဦးလျန်ထုမ်၏ ပေးမြန်းချက်အပေါ် ဦးဆန်နိန်းက အမျိုးသားနေ့မှာ ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီ ၂၅ တွင်ဖြစ်သင့်ကြောင်း ပြန်ဖြေခဲ့သည်။ ဗိုလ်ကြီး မန်းတုံးနုံက သူ့အနေဖြင့် ထိုရက်ကိုလူထုအစည်းအဝေးအတွက် ထောက်ခံရခြင်း မဟုတ်ကြောင်း နှင့် အမျိုးသားနေ့အထိမ်းအမှတ်အတွက်ဖြစ်သည် ဟုဆွေးနွေးရှင်းပြသည်။ ဦးဆန်နိန်းက အဆိုကို ဆန့်ကျင် ကန့်ကွက်ခြင်းအဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ ထို့နောက် ဗိုလ်ကြီးမန်တုံးနုန်က ပထမအဆို “ချင်းအမျိုးသားနေ့” တွင် ၁၉၄၈ ခု၊ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီကို “ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရေးအတွက် ဆွေးနွေးရန် နှင့် ဆုံးဖြတ်ချက်ချရန်” ဟုသဘာပတိက ကျေငြာသည်။ ပြင်ဆင်ချက်ကို တက်ရောက်သူများအားလုံးက သဘောတူအတည်ပြုခဲ့ကြသည်။ သို့ဖြစ်၍ “၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီ” အား ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်သည့်ဆုံးဖြစ်ချက်ကို သဘာပတိမှ ချမှတ်ခဲ့သည်။

ချင်းအမျိုးသားနေ့ နာမည် နှင့် နေ့ရက်ပြောင်းခြင်း
၁၉၅၆ခုနှစ် ချင်းရေးရာဝန်ကြီး ဦးဇာဟဲလျန်လက်ထက်တွင် ချင်းရေးရာကောင်စီ မှ ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၂၀ ရက်မှ အခြားတစ်ရက်သို့ ပြောင်းရွှေ့ခဲ့သည်။ ဦးဇာဟဲလျန်ကမူ ချင်းလူမျိုးတို့၏ ရှေးခေတ်အဆက်ဆက်မှ အသုံးပြုခဲ့သောစနစ်၊ ရိုးရာအမွေနစ် တစ်ခုအား ပျောက်ဆုံးစေသောနေ့ကိုမူ ချင်းအမျိုးသားနေ့အဖြစ် အသုံးပြုသည်မှာ မသင့်တော်ကြောင်း ပြေားဆိုခဲ့သည်။ သို့နှင့် ပါလီမန်ကျင့်စဉ်နှင့်အညီ ဆွေးနွေးကြပြီးမှ ရက်ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ချင်းရေးရာကောင်စီမှ အမတ်အများစု (၁၂ ဦး) ကမူ သဘောတူခဲ့ကြပြီး ဦးရိုထန်း နှင့် ဦးဟရန်နောလ် တို့ကမူ ကန့်ကွက်ခဲ့ကြသည်။ ၁၉၅၈ ခုနှစ်တွင် ဦးထန်လျန်းသည် ချင်းရေးရာဝန်ကြီးဖြစ်လာပြီး သူမေးဆွယ်ကတိပေးခဲ့သည့်အတိုင်း ချင်းအမျိုုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့သို့ပြန်လည် သတ်မှတ်လိုက်သည်။ ထိုနောက် တော်လှန်ရေးကောင်စီတက်လာသောအခါ ချင်းအမျိုးသားနေ့ အား ချင်းဝိဒေသတိုင်းနေ့ သို့ပြောင်းလဲရန် ကြိုးပမ်းမှုများဖြစ်ပေါ်လာခဲ့သည်။

နိဂုံး
ကမ္ဘာ့နိုင်ငံအသီးသီးနှင့် လူမျိုးအသီးသီးတို့တွင် အမျိုးသားနေ့ဟူသော နေ့ထူးနေ့မြတ်ရှိကြသော်လည်း အကြောင်းအရင်းမှာမူ မတူကြပေ။ ဥပမား Norway, Denmark, India, Malta, Poland le Slovakia စသည့်နိုင်ငံများတွင် သူတို့နိုင်ငံ နှင့် လူမျိုးအတွက် ဖွဲ့စည်းပုံအခြေခံဥကဒေ စတင်ရှိ/သုံးစွဲသည့်နေ့ကို ၎င်းတို့၏ အမျိုးသားနေ့အဖြစ်သတ်မှတ်ကြသည်။ တစ်ချို့နိုင်ငံများသည် ကိုလိုနီလက်အောက်ခံဘဝ မှလွတ်လပ်ရေး ရရှိသောနေ့ ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ကြသည်။ တစ်ချို့နိုင်ငံသည်လည်း သူတို့နိုင်ငံဘုရင် မွေးနေ့အား အမျိုးသားနေ့အဖြစ်သတ်မှတ်ကြသည်။ ဤကဲ့သို့ ပြောင်းလဲနေသော ကမ္ဘာကြီး နှင့်အတူ ကျွန်နုပ်တို့ချင်းလူမျိုးတို့သည်း ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်းရှိ လူမျိုးတစ်မျိုးအဖြစ် ထာဝစဉ်ရပ်တည်နိုင်ရေးအတွက် အမျိုးသားနေ့လိုအပ်ကြောင်း ချင်းရေးရာကောင်စီမှ နားလည်လာခဲ့သည်။ ထိုနေ့အတွက် ချင်းသမိုင်းတွင် အရေးကြီးသော ၃ ရက်ထဲမှ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအား ပြန်လည်သုံးသပ်ရာတွင် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းသည် ချင်းတောင်တန်း၌ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော တိုက်သူကြီး၊ ရွာသူကြီးစနစ်အား မုန်းတီးခြင်းကြောင့် မဟုတ်ပေ။ တိုက် သူကြီးများသည် ချင်းတောင်တန်းအတွက် လယ်မြေခွဲဝေရာတွင်၄င်း၊ အခွန်ကောက်ခံရာတွင်၄င်း၊ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများတွင်လည်း သူတို့ခေတ်နှင့်လျှော်ညီစွာ အကောင်းဆုံးစဉ်းစားတွေးခေါ်ကာ အုပ်ချုပ်ခဲ့ကြသူများဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ချင်းပြည်၏ အနာဂတ်ခရီးအတွက် အင်္ဂလိပ်၊ ဗမာနှင့် အခြားတိုင်းရင်းသားများနှင့် အားကြိုးမန်တက် ဆွေးနွေးခဲ့ကြသည်။ ချင်းပြည်ကြီးအတွက် အကောင်းဆုံးအား ရွေးချယ်ဆုံးဖြတ်ခဲ့ကြသည်။ သူတို့၏ ကြိုးပမ်းအားထုတ်မှု မရှိခဲ့လျှင် ကျွန်ုပ်တို့ ချင်းတိုင်းရင်းသားတို့၏ ရှေ့ခရီးသည် အဘယ်ပုံဖြစ်ပေါ်လာမည်ကို မခန့်မှန်းနိုင်ချေ။ သူတို့၏ ကြိုးပမ်းမှုကြောင့် ချင်းလူမျိုးတို့သည် လွတ်လပ်သော လူမျိုးအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ ယင်းမှတဆင့် ချင်းအမျိုးသားနေ့ပါ မွေးဖွားလာခဲ့ခြင်းဖြစ်ပေသည်။

နောက်ပြီး တိုက်သူကြီးစနစ်ကနေ ဒီမိုကရေစီစနစ်ပြောင်းလဲတဲ့နေ့ ဆိုပြီး ဒီမိုကရေစီစနစ်ကို ဂုဏ်ပြုတဲ့နေ့လည်း မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ကို အရင်ကတည်းက တာရွှန်း မျိုးနွယ်စု တွေက အသုံးပြုခဲ့ကြပြီး ဖြစ်ပါတယ်၊ ချင်းပြည်အတွက် အသစ်အဆန်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ချင်းလူထုခေါင်းဆောင်များသည် ဘာကြောင့် ချင်းအမျိုးသားနေ့ကို သတ်မှတ်ချင်သလဲဆိုတာကို ပြန်ကြည့်တဲ့အခါမှာ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးတိုင်းလိုလို အမျိုးသားနေ့ရှိကြသလို ကျနော်တို့ချင်းလူမျိုးဟာလည်း စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ဖို့၊ အမျိုးသားရေး၊ နိုင်ငံရေး ပိုမိုအားကောင်းလာစေဖို့ နှင့် ချင်းလူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ သီးသန်လူမျိုးစုတစ်မျိုးအဖြစ် ထာဝစဉ်တည်ရှိအံ့ငှာ၊ ပြောင်းလဲနေသာပမ္ဘာကြီး နှင့်အတူ ရင်ဘောင်တန်း ပြောင်းလဲခြင်းသာဖြစ်သည်။

Happy Chin National Day to all of you.
References:
  1. The Chin Hills by Carey and Tuck
  2. Economic of Central Chin Tribes by HNC Stevenson
  3. Documents attached are from Yangon National Archive Department and the British Library, London.
  4. Chin National Day by Hrangtar Nawnkhar. Hrangtar Nawnkhar conduced a thorought research on this topic. He quoted mostly from Yangon, National Archive Department, Chin Files at Historical Research Centre, Yangon le University Historical Research Center, Yangon.
  5. U Vum Thu Maung speech published in the Falam Centenary Magazine.
  6. U Vum Thu Maung Memoir written in 1964.
  7. Private Archives.
IAO-6110 pg. 80
IAO-6110 pg. 80
IAO-6110 pg. 83
IAO-6110 pg. 83
IAO-6110 pg. 13
IAO-6110 pg. 13
Document 3

www.chinworld.info
Post By: Salai Van Cung Lian (UK)

Source: www.chinworld.info
Share By: Zo Sangpy

No comments:

Post a Comment

ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်ပါ ၊ ပညာသင်ယူနေသော လူတစ်ယောက် ဖြစ်သည်/

ပြောချင်တဲ့ စကားလေးတွေ ပြောနိုင်တယ်နော်

♥ ♥ ♥ ♥ ♥ ♥ ♥PUZONET မှ လှိုက်လဲစွာကြိုဆိုပါ၏ ♥ ♥ ♥ ♥ ♥ ♥ ♥ လူတို့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

I ❤ you , because I ❥ you don't hate me.